ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ နည်းပြဆိုးလ်ရှားအပေါ် ယုံကြည်မှုကင်းမဲ့လာတဲ့ အသင်းဖော်တွေရဲ့ အဝတ်လဲခန်းအတွင်း အခြေအနေတွေကို ဝင်ရောက်ထိန်းကျောင်းပေးနေတယ်လို့ သိရှိရပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး (၄) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အစဥ်အလာပြိုင်ဘက် လီဗာပူးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့နောက် ဆိုးလ်ရှားရဲ့ အနာဂတ် မသေချာတော့ပါဘူး။
ဒါပေမယ့် အသင်းတာဝန်ရှိသူတွေ၊ ဂန္တဝင်နည်းပြကြီးဖာဂူဆန်တို့က ဆိုးလ်ရှားကို အခွင့်အရေးထပ်ပေးဖို့ ပြင်ဆင်ထားပြီး စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ အသင်းရလဒ်ပိုင်းကို စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဓိက,ကစားသမား ရော်နယ်ဒိုကလည်း နည်းပြဆိုးလ်ရှားကို အကူအညီပေးနေတယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။
မနေ့က ယူနိုက်တက်လေ့ကျင့်ရေးကွင်း ကာရင်တန်ကို ဖာဂူဆန်ကိုယ်တိုင်ရောက်လာပြီး ကစားသမားတွေနဲ့ စကားပြောခဲ့သလို ရော်ယ်ဒိုကလည်း နည်းပြဆိုးလ်ရှား ရာထူးကမထွက်မချင်း ဆက်လက်ထောက်ခံပေးနေဖို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။
ကစားသမားတွေအနေနဲ့ စိတ်ဓာတ်မကျဖို့၊ ကြိုးစားအားထုတ်မှုကို မလျှော့ချဖို့၊ ဆိုးလ်ရှားကို မလေးမစားမပြုလုပ်ဖို့ ပြောကြားခဲ့တယ်လို့ သိရပြီး အဝတ်လဲခန်း အခြေအနေကို သူကိုယ်တိုင် ပါဝင်ကူညီကိုင်တွယ်ပေးထားတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ ရော်နယ်ဒိုဟာ အသင်းအနိုင်မရတဲ့အချိန်တွေမှာ ဒေါသပေါက်ကွဲလေ့ရှိပြီး ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေကို မေးခွန်းထုတ်နေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်လို့ မီဒီယာတွေကဖော်ပြခဲ့ဖူးတာပါ။
ဆိုးလ်ရှားဟာ မက်ဂွိုင်းရားကို ဒဏ်ရာကပြန်လာလာချင်း လက်စတာနဲ့ပွဲမှာ ထည့်သုံးခဲ့တဲ့ အပေါ် ပွဲထွက်ခွင့်မရတဲ့ နောက်ခံလူ အဲရစ်ဘာယီက မေးခွန်းထုတ်ဝေဖန်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ ကစားသမားကို တစ်ချိန်လုံး ပွဲထွက်ကစားသမားစာရင်းမှာ ထည့်သုံးနေတဲ့အပေါ်မှာလည်း ယူနိုက်တက်ကစားသမားတွေ မပျော်မရွှင်ဖြစ်နေပါတယ်။
လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးပုံစံပြနေတဲ့ ဗန်ဒီဘိခ်၊ လင်ဂတ်တို့ကို ဆိုးလ်ရှားက အရံခုံမှာပဲ ထားတဲ့အပေါ် ကစားသမားတွေကြား ဒွိဟဖြစ်နေသလို ရော်နယ်ဒိုနဲ့ဂရင်းဝုဒ်အကြား လူမပေးဘဲ သီးသန့်ကစားနေတဲ့အပေါ်မှာလည်း အသင်းဖော်တွေက စိုးရိမ်နေပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုကိုယ်တိုင် အသင်းရဲ့အဝတ်လဲခန်းကို ဝင်ရောက်ထိန်းကျောင်းနေပြီး ဒါက ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကို လာမယ့်စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နဲ့ပွဲတွေမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။