ဘာစီလိုနာကွင်းလယ်လူဒီဂျောင်ကတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မှာမဟုတ်ဘဲ ဘာစီလိုနာမှာပဲ သူ ဆက်ကစားသွားမယ်လို့ ထပ်ပြောဆိုလိုက်ပါတယ်။ လာမယ့် နွေရာသီမှာ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်ဘက်က ထပ်မံကြိုးစားလာဖွယ်ရာရှိနေချိန်မှာ ဒီဂျောင်က ကြိုတင်ပြီးတော့ ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကလည်း ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့အတွက် အသည်းအသန်လှုပ်ရှားခဲ့ပါတယ်။ ၂လကျော်ကြာတဲ့အထိ ဒီဂျောင်အတွက် ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ နူးကမ့်မှာပဲ သူ ပျော်ရွှင်နေတယ်ဆိုပြီး ပြတ်ပြတ်သားသားငြင်းဆန်ခဲ့တာပါ။ အခုလည်းပဲ ယူနိုက်တက်ကို မပြောင်းချင်တဲ့ သူ့စိတ်ဆန္ဒက ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ဒီဂျောင်က ပြောဆိုခဲ့ပါတယ်။
"ကျနော်က အေးအေးဆေးဆေးပါပဲ၊ ဘာစီလိုနာမှာပဲ ကျနော်ဆက်နေချင်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သိထားတယ်၊ ကျနော့်ရဲ့ စိတ်က မပြောင်းလဲပါဘူး၊ ဘာစီလိုနာအတွက် ကစားပေးဖို့ အမြဲတမ်းအိပ်မက်မက်နေခဲ့ရတာပါ၊ ဒီမှာ အောင်မြင်မှုတွေလည်း ရယူချင်ပါတယ်၊ ကျနော်အရမ်းပျော်ရွှင်နေတယ်၊ သက်တောင့်သက်သာလည်းရှိတယ်"
"ပွဲတွေလည်း ပိုကစားနေရပါတယ်၊ ဇာဗီက ကျနော့်ကို အများကြီးကူညီပေးနေပါတယ်" လို့ ဒီဂျောင်က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အခုလိုမျိုး ပြောဆိုမှုကတော့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်အတွက် စိတ်ပျက်စရာကောင်းခဲ့မှာတော့ သေချာပါတယ်။ တန်ဟက်ဂျ်က ဒီဂျောင်ကို သူ့အသင်းအတွက် တော်တော်လေးအလိုရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ လက်ရှိကွင်းလယ်ပိုင်းမှာ ဘောလုံးကိုင်ကစားနိုင်ပြီး ဘောလုံးနဲ့အတူ ရှေ့ထိပါ လိုက်ပါနိုင်တဲ့ ဒီဂျောင်ကို အမှန်တကယ်လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ကတော့ ယူနိုက်တက်တိုးတက်မှုတွေရှိလာနေပေမယ့် ဘာစီလိုနာမှ ဘာစီလိုနာပဲ ဖြစ်နေခဲ့ပါတော့တယ်။