မန်ချက်စတာယူနိုက်တက်အသင်းယာယီနည်းပြရန်းဂ်နစ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတဦးဝယ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အသင်းဘက်က ခွင့်မပြုခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မေဆန်ဂရင်း၀ုဒ်ရဲ့ ဇာတ်လမ်းအရှုပ်တော်ပုံ၊ မာရှယ်ကလည်း အငှားနဲ့ထွက်ခွာသွားချိန်မှာ ယူနိုက်တက်အတွက် သူက တိုက်စစ်မှူးတဦး ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။
ဒီအတွက် အသင်းကိုတောင်းဆိုခဲ့ပေမယ့် ဘုတ်အဖွဲ့က ပယ်ချခဲ့လို့ ရှိတဲ့ကစားသမားတွေနဲ့သာ ခရီးဆက်ခဲ့ရတယ်လို့ သူက ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ သူ ခေါ်ယူချင်တဲ့ ကစားသမားတွေကတော့ အခုအခါ အခြားအသင်းတွေမှာ ခြေစွမ်းပြနေသူတွေဖြစ်နေခဲ့ပြီး ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ အလုပ်လုပ်ပုံနဲ့ ဆုံးဖြတ်ချက်တွေက အပြစ်တင်ချင်စရာတွေဖြစ်လာခဲ့ပြန်ပါတယ်။
ရန်းဂ်နစ်ခ်က "ရာသီဝက်မှာ တိုက်စစ်မှူး ၃ ဦးလောက်ကို ကာလရှည်ဆုံးရှုံးဖို့ရှိနေခဲ့တယ်၊ ဂရင်း၀ုဒ်က အသင်းမှာ ဆက်မရှိနိုင်တော့ဘူး၊ မာရှယ်ကလည်း အငှားနဲ့ထွက်သွားတယ်၊ စျေးကွက်မပိတ်ခင် ၂ ရက်အလိုမှာ ကစားသမားတဦးကို ခေါ်ယူခဲ့သင့်တာပါ၊ အခု လီဗာပူးလ်ကို ရောက်နေတဲ့ ဒီယက်ဇ်၊ မန်စီးတီးကို ပြောင်းလာမယ့် အဲဗာရက်ဇ်နဲ့ ဖီအိုရင်တီးနားမှာကစားနေတဲ့ ဗလာဟိုဗစ်တို့ကို ကျနော်ခေါ်ချင်ခဲ့တာ"
"ဒါနဲ့ တိုက်စစ်မှူးတဦးခေါ်ပေးဖို့ ပြောတော့ ဘုတ်အဖွဲ့က ငြင်းပယ်ခဲ့ပါတယ်၊ ကျနော်က ကစားသမားသစ်တွေကို ချဉ်းကပ်ပြီး လေ့လာပြောဆိုဖို့ တိုက်တွန်းခဲ့တယ်၊ အငှားနဲ့ပဲရရခေါ်ဖို့ ပြောပေမယ့်လည်း အရာမထင်ခဲ့ဘူး၊ သူတို့က ယတိပြတ်ကိုငြင်းဆန်ခဲ့တယ်၊ သူတို့က အဲဒီကာလမှာ လူမဝယ်တာမျိုးဖြစ်ချင်ဖြစ်မှာပေါ့၊ ဒါပေမယ့် အရေးကြီးတဲ့ ကိစ္စကို အသင်းတွင်းတော့ ဆွေးနွေးခဲ့သင့်ပါတယ်" လို့ သူက ပြောဆိုသွားခဲ့တာပါ။
ရန်းဂ်နစ်ခ်ရဲ့ပြောဆိုမှုတွေက ယူနိုက်တက်ဘုတ်အဖွဲ့အတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။ ရန်းဂ်နစ်ခ်ခေါ်ယူချင်တဲ့ ကစားသမားတွေဟာ သက်ဆိုင်ရာအသင်းတွေကနေ အခြားအသင်းတွေကို ရောက်ရှိသွားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနေလို့လည်း ပရိသတ်တွေပိုပြီးတော့ ပေါက်ကွဲစရာပါပဲ။