ဂျရတ်ဟာ လီဗာပူးနဲ့အတူ ယူနိုက်တက်ကို အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးတာပါ။

ယူနိုက်တက်က အဲရစ်တန်ဟက်ခ်ကို လာမယ့်ရာသီသစ်အတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က နောက်ပြောင် တုံ့ပြန်သွားခဲ့ပါတယ်။ ဒီသတင်းကို ယူနိုက်တက်က ပြီးခဲ့တဲ့ ကြာသပတေးမှာ အတည်ပြုခဲ့တာပါ။



အဲ့ဒါကြောင့်လည်း ဒီတပတ် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွေမှာ အဲရစ်တန်ဟက်ခ်က အဓိက နေရာယူထားခဲ့ပါတယ်။ အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက်တို့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဂျရတ်က သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

ဂျရတ်က “ယူနိုက်တက်က တကယ်ကို ကြီးမားတဲ့ ဘောလုံးအသင်းတသင်းပါ။ နောက်ပြီး သူတို့ရဲ့ စီမံကိန်း၊ သူတို့လက်ရှိအနေအထားတွေကလည်း တကယ်ကို ကြီးမားလာဦးမှာပါ။ ဒါပေမယ့် ဒါတွေအားလုံးက ကျနော့်ကိစ္စမဟုတ်ဘူးလေ။ ကျနော်လည်း ဗီလာမှာ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ့်စိန်ခေါ်မှုနဲ့ကိုယ်ပါ။ ဒီအပေါ်မှာပဲ စိတ်လှုပ်ရှားပါတယ်”

“အဲရစ်တန်ဟက်ခ်က အံ့အားသင့်စရာကောင်းတဲ့ မန်နေဂျာတယောက်ဖြစ်ပြီး ကောင်းမွန်တဲ့ဖြတ်သန်းမှုတွေရှိခဲ့ပါတယ်။ အေဂျက်စ်မှာလည်း သူ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့စတိုင်ကို ကျနော် သဘောကျပြီး နှစ်ပေါင်းများစွာကြာအောင် ကျနော် သူ့ကို စောင့်ကြည့်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာလည်း သူကောင်းကောင်းစွမ်းဆောင်ပြနိုင်ခဲ့တာ ကျနော်မြင်ပြီးပါပြီ”

“ဒါက ယူနိုက်တက်ပရိသတ်တွေဘက်က ကြည့်ရင်တော့ တကယ်ကို အပေါင်းလက္ခဏာဆောင်တဲ့ ခန့်အပ်မှုပါပဲ။ ဒါပေမယ့်လည်း မန်ချက်စတာမှာရှိတဲ့ ဘယ်သူတဦးတယောက်ကမှ ကျနော်ပြောတဲ့ ယူနိုက်တက်အကြောင်းကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျရတ်ဟာ ကစားသမားဘဝမှာ လီဗာပူးအသင်းခေါင်းဆောင်အဖြစ်နဲ့ ယူနိုက်တက်ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်။ နှစ်သင်းကြား ခါးသီးတဲ့အားပြိုင်မှုတွေနဲ့အတူ ဂျရတ်ကိုလည်း ယူနိက်တက်ပရိသတ်တွေက မျက်မုန်းကျိုးခဲ့ဖူးပြီး ဒီပြဿနာတွေ မပြေလည်နိုင်သေးဘူးဆိုတာကို ဂျရတ်က အခုလိုပဲ ရည်ညွှန်းပြောကြားသွားခဲ့တာပါ။ 

Share

Loading Next Article...
က္က