ယူနိုက်တက်ပရိသတ်တွေဟာ သူတို့အသင်း လက်ရှိနွေရာသီမှာ အသုံးပြုခွင့်ရရှိမယ့် အပြောင်းအရွှေ့အသုံးစရိတ်နဲ့ ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဒေါသပေါက်ကွဲနေကြပါတယ်။ ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုဟာ တန်ဟက်ခ်အတွက် ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ထုတ်ပေးသွားမှာပါ။
ဒီဘတ်ဂျက်က လုံလောက်တဲ့ ပမာဏမဟုတ်ဘဲ တန်ဟက်ခ်အနေနဲ့ ကစားသမားရောင်းချမှုကတစ်ဆင့် ငွေကြေးရရှိမှသာ အပြောင်းအရွှေ့မှာ နောက်ထပ် ငွေကြေးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဥ်းတွေကို အကြောင်းပြခဲ့ပေမယ့် ဒါက လုံလောက်မှုရှိတဲ့ အကြောင်းပြချက်တော့ မဟုတ်ပါဘူး။
ဒါ့အပြင် အသင်းအနေနဲ့ လက်ရှိနွေရာသီမှာ ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ မေဆင်မောင့်အတွက်လည်း ကြိုးစားလာတာက တစ်လကျော်လာခဲ့ပြီဖြစ်ပါတယ်။ တန်ဟက်ခ်အနေနဲ့ ကစားသမား (၁၃) ဦးအထိ ရောင်းချဖို့အတွက်လည်း ပြင်ဆင်ထားပြီး ဒီကစားသမားတွေကို ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးနဲ့ ပြောင်းရွှေ့ကြေး ထပ်မံသုံးစွဲဖို့ ပြင်ဆင်နေပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ “ငါတို့အသင်းက သွားပါပြီ” “ယူနိုက်တက်က အာဆင်နယ်ဖြစ်လာပြီး အာဆင်နယ်က ယူနိုက်တက်ဖြစ်သွားပါပြီ။ ငါတို့က ဟာသပဲ” “ငါတို့က တရားဝင်ကို ဟာသဖြစ်သွားပါပြီ” လို့ အသီးသီး ဝေဖန်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာ ဒကလန်ရိုက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၁၀၀) အထိ ပေးနေပြီး ယူနိုက်တက်ကတော့ နွေရာသီတစ်ခုလုံးမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သာရရှိမှာပါ။
ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင်အပြောင်းအလဲကိစ္စ ကြန့်ကြာနေတာကလည်း ပရိသတ်တွေအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ တကယ်လို့သာ ယူနိုက်တက်တို့ ကာတာလက်ထဲ ရောက်ရှိသွားခဲ့မယ်ဆိုရင်တော့ အပြောင်းအရွှေ့အတွက် ငွေကြေးအလုံးအရင်း သုံးစွဲခွင့်ရရှိမှာဖြစ်ပြီး အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါတယ်။