ဘောလုံးရုပ်သံဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဂျေမီရက်နပ်က ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်ပွဲမှာ ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို ရီးရဲလ်မက်ဒရစ်လိုမျိုးဖြစ်သွားအောင် လုပ်ပေးခဲ့တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာပါ။
ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာ ယူနိုက်တက်က မေဆင်မောင့်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက် (၂) မိနစ်အကြာမှာပဲ ဘရန့်ဖို့ဒ်အတွက် အေဂျာက ချေပဂိုး သွင်းယူပေးခဲ့ပြီး ယူနိုက်တက်တို့ အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့် တကယ်တမ်း ပွဲကစားချိန်အတွင်း ခြေစွမ်းအရ ဘရန့်ဖို့ဒ်က ပိုမိုကောင်းမွန်ခဲ့ပြီး ဂိုးကန်သွင်းခွင့် အကြိမ် (၃၀) ကျော်အထိ ရရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်တို့ အိမ်ကွင်းမှာ ကံဆိုးခဲ့ပြီး ယူနိုက်တက်ကတော့ ဒီပွဲမှာ သရေရလဒ်ရရှိခဲ့တာပဲ ကံကောင်းတယ်လို့ အားလုံးက သုံးသပ်နေကြပါတယ်။
ဒီပွဲက ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့လည်း ရက်နပ်က “ပွဲမစခင်မှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်တစ်ယောက် တော်တော်လေး စိတ်လှုပ်ရှားခဲ့မှာပါ။ သူ့စိတ်ထဲမှာ ငါတို့တော့ မတူညီတဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ရတော့မယ်၊ လီဗာပူးကို အနိုင်ယူပြီးတဲ့နောက် ယုံကြည်မှုပြည့်နေတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရတော့မယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒါတွေအားလုံး တစ်ခုမှ မဖြစ်လာပါဘူး”
“ယူနိုက်တက်က ဘောလုံးတွေ လွယ်လွယ်ကူကူ ဆုံးရှုံးခဲ့တယ်၊ ဘောလုံးရှိနေချိန်မှာရော၊ မရှိချိန်မှာပါ ဘာခွန်အားစိုက်ထုတ်မှုမှ မရှိခဲ့ပါဘူး။ သူတို့က ဘရန့်ဖို့ဒ်ကို ရီးရဲလ်မက်ဒရစ်လို ဖြစ်အောင် လုပ်ပေးခဲ့တာပါ” လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။