နာပိုလီရဲ့ တောင်ကိုရီးယားလူမျိုးနောက်ခံလူ ကင်မင်ဂျေးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မီဒီယာတွေကို ဟာသဆန်ဆန် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ကင်မင်ဂျေးဟာ ဒီရာသီမှာ နာပိုလီနဲ့အတူ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားလျက်ရှိပါတယ်။
ဒီအထဲမှာမှ ယူနိုက်တက်က ကင်မင်ဂျေးကို အသည်းအသန် ခေါ်ယူချင်နေတယ်လို့ မီဒီယာတွေရဲ့ ဖော်ပြချက်အရ သုံးသပ်နိုင်ပါတယ်။ ယူနိုက်တက်ဟာ ကင်မင်ဂျေးရဲ့ စာချုပ်ပါလျော်ကြေးထက် ပိုမိုများပြားတဲ့ ပေါင်သန်း (၆၀) ကို အသုံးပြုသွားဖို့လည်း ရည်ရွယ်ထားကြောင်း သတင်းတွေက ကျယ်ကျယ်လောင်လောင် ဖော်ပြထားပါသေးတယ်။
ကင်မင်ဂျေးကိုယ်တိုင်ကတော့ အနာဂတ်နဲ့ပတ်သက်လို့ မရှင်းမရှင်းသာ ဖွင့်ဟထားပြီး စီးရီးအေချန်ပီယံမဖြစ်ခင်တုန်းကတော့ နာပိုလီအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားဖူးပါတယ်။ အခုချိန်အထိလည်း ယူနိုက်တက်နဲ့ ကင်မင်ဂျေးတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေက ထွက်ပေါ်နေဆဲဖြစ်ပြီး ဒီတောင်ကိုရီးယားနောက်ခံလူက အနာဂတ်နဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပြန်ပါတယ်။
တောင်ကိုရီးယား ရုပ်သံတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အနာဂတ်နဲ့ပတ်သက်လို့ ကင်မင်ဂျေးကို မေးမြန်းခဲ့ချိန်မှာတော့ ကင်မင်ဂျေးက “ကျွန်တော့် အေးဂျင့်က အခု စားသောက်ဆိုင် အပြင်မှာဗျ။ သူ့ကို သွားမေးလိုက်ပါ” လို့ ပြောကြားခဲ့ပါတယ်။ ကင်မင်ဂျေးဟာ နာပိုလီမှာ ဆက်ရှိဖို့အတွက် အာမခံချက် မပေးထားသလို ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့အပေါ်မှာလည်း တစ်စုံတစ်ရာ တိတိကျကျ မပြောထားပါဘူး။
ကင်မင်ဂျေးဟာ ဒီရာသီမှာ နာပိုလီအတွက် စီးရီးအေပွဲပေါင်း (၃၄) ပွဲအထိ ကစားပေးထားပြီး သူ့ရဲ့ စာချုပ် လျော်ကြေးကလည်း ဇူလိုင် (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း ယူရို (၅၈) သန်းသာ ရှိတယ်လို့ သိရှိရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ကင်မင်ဂျေးအတွက် အပြောင်းအရွှေ့စဖွင့်တာနဲ့ သဘောတူညီမှုရရှိဖို့ ဦးစားပေး ကြိုးစားနေကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။