အဲရစ်တန်ဟက်ဂျ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဆုဖလားလေးလုံးလမ်းကြောင်းပေါ်မှာ ဆက်ရှိနေတုန်းပဲလို့ ယူနိုက်တက်ကစားသမားဟောင်းပေါလ်စခိုးက ပြောဆိုလိုက်ပါတယ်။ နူးကမ့်မှာ ဘာစီလိုနာနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ပွဲစဉ်က ယူနိုက်တက်ရဲ့ ခြေစွမ်းကို ပေါလ်စခိုးက ကျေနပ်အားရနေပြီး တကယ်ကို ကောင်းမွန်တဲ့ အသင်းတသင်းဖြစ်နေပြီလို့ ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အဆုံးအဖြတ်ပွဲကို အိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်လို့လည်း အခွင့်အလမ်းအသာစီးရရှိသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ သူတို့က ကာရာဘောင်းဖလားဗိုလ်လုပွဲကို ရောက်ရှိထားပြီး အက်ဖ်အေဖလားမှာလည်း ပဉ္စမအဆင့်၊ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့နောက် ၅ မှတ်အကွာနဲ့ ရှိနေကာ ဆုဖလားအားလုံးကို ရယူနိုင်ချေရှိတဲ့ လမ်းကြောင်းဖြစ်ပေါ်နေပါတယ်။
BT Sport ကတဆင့် ပေါလ်စခိုးက "ဖလားလေးလုံးလမ်းကြောင်းက ဆက်ရှိနေတုန်းပဲ၊ ပွဲတိုင်းက ပွဲကြီးပွဲကောင်းတွေပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ ဒီနောက်မှာ အစီအစဉ်တင်ဆက်သူ ဂျူးလက်စ်ဘရိချ်က "ရှင် နောက်တာတော့မဟုတ်ပါဘူးနော်" လို့ မေးခဲ့ရာမှာ စခိုးလ်က "မနောက်ဘူး၊ အတည်ပြောနေတာ" လို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ဆုဖလားလေးလုံးရည်မှန်းချက်ကို ဆက်ပြီး အသက်သွင်းဖို့ဆိုရင်တော့ ဘာစီလိုနာနဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒုတိယအကျော့၊ ကာရောဘောင်းဗိုလ်လုပွဲမှာ နယူးကာဆယ်၊ အက်ဖ်အေဖလားပဉ္စမအဆင့်မှာ ဝက်စ်ဟမ်းတို့ကို အနိုင်ယူဖို့အတွက်တော့ အရေးကြီးနေပါတယ်။ လက်ရှိခြေစွမ်းအရဆိုရင်တော့ ယူနိုက်တက်ဟာ အဆိုပါပွဲတွေမှာ အခြေအနေကောင်းတွေကို ရယူနိုင်ဖွယ်ရာလည်းရှိနေပါတယ်။
တန်ဟက်ဂျ်လက်အောက်မှာ ယူနိုက်တက်အတွက် ရက်ရှ်ဖို့ဒ်က ထူးထူးခြားခြားခြေစွမ်းပြနေပြီး အသစ်ခေါ်ယူထားတဲ့ ကစားသမားအားလုံးနီးပါးကလည်း အားကိုးနေရတာကို မြင်တွေ့နေရပါတယ်။ အဲရစ်ဆန်၊ ကက်စ်မဲရိုး၊ မာတီနက်ဇ်၊ မာလာစီယာ၊ ဝက်စ်ဟော့တို့က တန်ဟက်ဂျ်ရဲ့ စိတ်ကြိုက်ကစားသမားတွေအဖြစ်နဲ့ ပွဲထွက်ခွင့်လည်း ရနေပါတယ်။