မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်ဖြစ်တဲ့ ဝက်ဘရွန်းစ်နဲ့ပွဲမှာ ဝက်ဖို့ဒ်တိုက်စစ်ကစားသမား အစ္စမိုင်လာဆားဟာ မိမိအသင်းကွင်းလယ်ဘက်ခြမ်းကနေ တိုက်ရိုက်ဂိုးကန်သွင်းပြီး အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိင်ခဲ့ပါတယ်။ လှပတဲ့ ကန်သွင်းချက်၊ ချိန်သားကိုက်ကန်သွင်းယူမှု၊ တဒင်္ဂအတွင်း ဆုံးဖြတ်ချက်တွေနဲ့ ပေါင်းစပ်ခဲ့တဲ့ သွင်းဂိုးဖြစ်ပြီး ဝက်ဘရွန်းစ်ဂိုးသမား ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရပါတယ်။
ဆီနီဂေါကစားသမားဟာ အသင်းခံစစ်ပိုင်းက ခေါင်းတိုက်ရှင်းထုတ်တဲ့ဘောလုံးကို ကွင်းလယ်မှာ လက်ခံရယူခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ သူက ဘောလုံးကို တချက်ထိန်းထားပြီး ဝက်ဘရွန်းစ်ဂိုးသမားဒေးဗစ်ဘက်တန်က ဂိုးဧရိယာရှေ့နားထိ တက်နေတာကို မြင်တွေ့ခဲ့ပြီးနောက်မှာ ကန်သွင်းယူဖို့ဆုံးဖြတ်ခဲ့ကာ တိတိကျကျကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီသွင်းဂိုးကို ၁၉၉၆ ခုနှစ်က ဝင်ဘယ်ဒန်နဲ့ပွဲမှာ ယူနိုက်တက်ကွင်းလယ်လူဟောင်းဒေးဗစ်ဘက်ခမ်းသွင်းယူခဲ့တဲ့ ဂိုးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။ ဘက်ခမ်းကလည်း ကွင်းလယ်ကနေ ကန်သွင်းခဲ့တာဖြစ်ပြီး ပရိသတ်တချို့ကတော့ ဘက်ခမ်းရဲ့ဂိုးထက် ပိုကေငာ်းတယ်လို့ ထင်မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပြီး တချို့ကတော့ ဒီဂိုးကို တနှစ်တာအကောင်းဆုံးသွင်းဂိုးဆုရဲ့ ဆန်ခါတင်စာရင်းမှာ ထည့်သွင်းလိုက်တော့လို့ ဆိုခဲ့ပါတယ်။
ပရိသတ်တဦးရဲ့ မှတ်ချက်ကတော့ တော်တော်လေးကို ထူးခြားပါတယ်။ "မနက်ဖြန်ကျရင် ယူနိုက်တက်က မင်းကို ပေါင်သန်း ၈၀ နဲ့ ကမ်းလှမ်းတော့မယ်" လို့ ရေးသားခဲ့တာပါ။ တိုက်စစ်ကစားသမားနဲ့ ကွင်းလယ်ကစားသမားတွေကို လိုက်လံဝယ်ယူနေတဲ့ ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေနဲ့ ထပ်ဟပ်စေတဲ့ မှတ်ချက်မျိုးလည်းဖြစ်ပါတယ်။
ဝက်ဘရွန်းစ်နဲ့ ဝက်ဖို့ဒ်ပွဲစဉ်ကတော့ တဖက်တဂိုးစီနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဆားရဲ့ သွင်းဂိုးကိုတော့ ဒေးဗစ်ဟက်တန်တယောက် အသည်းအသန်လိုက်ဖမ်းခဲ့ပေမယ့်လည်း မမီတော့ဘဲ ခွင့်ပြုခဲ့ရပြီး ဝက်စ်ဘရွန်းအတွက် ဂရန့်က ချေပပေးခဲ့ပါတယ်။