ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေထွက်လာခဲ့အပြီးမှာ အာဆင်နယ်ဟာ အေဂျက်ဇ်ရဲ့ ကြယ်ပွင့်ကစားသမားတဦးဖြစ်တဲ့ နောက်ခံလူ ဂျာရီရန်တင်ဘာကို ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလိုက်ပါတယ်။
ကစားသမားဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး လာမယ့် နာရီအနည်းငယ်အတွင်းနဲ့ နောက်ရက်တွေမှာ အေဂျက်ဇ်နဲ့ အာဆင်နယ်တို့ ဆွေးနွေးမှုတွေလုပ်မယ်လို့လည်း ဆိုပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ တင်ဘာဟာ ဗဟိုခံစစ်နဲ့ ညာအစွန်ခံစစ်တွေမှာ ကစားနိုင်သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက သူ့ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ဘဲ အေဂျက်ဇ်မှာသာ သူက ဆက်ရှိနေခဲ့တာပါ။ အခုတော့ အာဆင်နယ်က သူ့ကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး တင်ဘာအတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း ၄၀ ခန့် အသုံးပြုရဖွယ်ရှိပါတယ်။
တင်ဘာကိုခေါ်ယူဖို့အတွက် အခြားအသင်းတချို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ အာဆင်နယ်ကိုသာ ရွေးချယ်ခဲ့တယ်လို့လည်း သတင်းဌာနတချို့က ဖော်ပြခဲ့ကြပါတယ်။ တင်ဘာဟာ အေဂျက်ဇ်အတွက် ပြီးခဲ့တဲ့ ၃ ရာသီအတွင်း အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ကာ ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားခဲ့ပါတယ်။