အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။

အာဆင်နယ်ကတော့ ပုံစံကောင်းပြနေတဲ့ ဘရန့်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်ကိုရှုံးခဲ့တာ၊ အခုပွဲမတိုင်ခင် ကြားထဲမှာ ပွဲဆက်ပြတ်နေတာတွေကြောင့် အာဆင်နယ်တို့ ခြေပျက်သွားမလား စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ အမှားမရှိခဲ့ပါဘူး။



ဒီပွဲမှာ အာဆင်နယ်က ဇင်ချန်ကို၊ အိုဒီဂတ်တို့ မပါဝင်ခဲ့ဘဲ ဖေဘီယိုဗီအဲရာ၊ တီယာနေးတို့ ပါဝင်လာခဲ့ပြီး ကျန်တဲ့နေရာတွေမှာ အပြောင်းအလဲမရှိခဲ့ပါဘူး။ ဘရန့်ဖို့ဒ်ကလည်း ကစားပုံမဆိုးဘူးပြောနိုင်ပေမယ့် အာဆင်နယ်က မှန်ကန်တဲ့အချိန်မှာ သင့်တော်တဲ့အခွင့်အရေးတွေကို မိမိရရ အသုံးချနိုင်ခဲ့ပြီး ပွဲကို အဆုံးအဖြတ်ပေးသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် အဖွင့်ဂိုးကို ဆာလီဘာက ဆာကာရဲ့ ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျီးဆပ်စ်က ချာကာ တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူကာ အာဆင်နယ်အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂျီးဆပ်စ် ဂိုးသွင်းပြီးချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘရာဇီးသား ဗီနီရှပ်စ်ဘက်က ရပ်တည်ကြောင်း ကပြပြီး အောင်ပွဲခံသွားခဲ့တာက ဒီပွဲရဲ့ ပြောစရာဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘရန့်ဖို့ဒ်ဘက်က ဖိအားပေးလာခဲ့ပေမယ့် သူတို့ရဲ့ နောက်ဆုံးဖန်တီးပေးမှုတွေက လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်ဂိုးပြတ်နဲ့ အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ အာဆင်နယ်တို့ ပွဲသိမ်းဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကစားသမား ဗီအဲရာက အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးအဖြစ် ဧရိယာပြင်ပကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့ပါတယ်။

ဗီအဲရာကတော့ ဒီပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် လှပတဲ့သွင်းဂိုးတဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့တာက ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဒီပွဲရလဒ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ် (၇) ပွဲ ကစားပြီးချိန်မှာ ယူနိုက်တက်နဲ့တပွဲတည်းသာ ရှုံးနိမ့်ထားခဲ့ပြီး ရမှတ် (၁၈) မှတ်နဲ့ နိုင်ငံတကာရက်သတ္တပတ်မလာခင်မှာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က