အိမ်ကွင်းမှာ မြို့ခံပြိုင်ဘက်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူမြင်တွေ့ခဲ့ရသမျှ အသင်းရဲ့အကောင်းဆုံးခြေစွမ်းဖြစ်တယ်လို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့အသင်းအနေနဲ့ ၄ ဂိုးထက်မက သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့ကာ ဂိုးတွေပိုမရခဲ့တဲ့အပေါ် မချင့်မရဲဖြစ်နေတာကိုလည်း ဖွင့်ဟသွားခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။
မန်စီးတီးဟာ ဒုတိယပိုင်းပွဲချိန်နောက်ဆုံး ၁၅ မိနစ်အတွင်း ဘောလုံးပိုင်ဆိုင်မှု ၉၂% အထိ ရရှိခဲ့ပြီး ယူနိုက်တက်ကိုလည်း ဂိုးကန်သွင်းခွင့်တကြိမ်သာခွင့်ပြုခဲ့တဲ့အထိ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဂွာဒီယိုလာက ကျေနပ်အားရနေပြီး ဂိုးတွေပိုမသွင်းနိုင်ခဲ့တာတခုကိုသာ စိတ်အစာမကျေဖြစ်နေခဲ့တာကိုလည်း ဝန်ခံခဲ့ပါတယ်။
"အသင်းအပေါ် ကျနော်က အဝေဖန်ဆုံးသူဖြစ်ပေမယ့်လည်း ကျနော်တို့ကစားပုံကောင်းတယ်၊ ကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဒုတိယပိုင်းမှာဆိုရင် အရမ်းကောင်းခဲ့တာပါ၊ ဂိုးတွေလည်း ဒီထက်မကပိုပြီးတောင် သွင်းနိုင်ခဲ့သင့်တာပါ၊ မနှစ်က ကျနော်တို့ကို သူတို့အနိုင်ရခဲ့တယ်ဆိုပေမယ့် အမှန်ကတော့ ကျနော်တို့က ချန်ပီယံဖြစ်နေပြီးသားလေ" လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရော်နယ်ဒို၊ ကာဗာနီတို့လို တိုက်စစ်မှူးတွေမပါဝင်နိုင်ခဲ့လို့ တိုက်စစ်မှူးစစ်စစ်မပါဝင်တဲ့ ကစားပုံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ တဂိုးစီသရေကျအောင်ကစားနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းညံ့ဖျင်းမှုနဲ့ အားနည်းချက်တွေ၊ ကွင်းလယ်ချင်းမယှဉ်နိုင်တာတွေကြောင့် ဂိုးတွေပေးခဲ့ရပြီး အရေးနိမ့်ခဲ့ရပါတယ်။