မန်ချက်စတာယူနိုက်တက်အသင်းကနေ မထွက်ခွာချင်ဘဲနဲ့ ထွက်ခဲ့ရတယ်လို့ ကွင်းလယ်လူဟောင်းအန်ဒါဟာရဲရားက ပြောဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စပိန်ကွင်းလယ်လူဟာ ယူနိုက်တက်မှာ ၅ ရာသီကြာကစားခဲ့ပြီး ၂၀၁၉ မှာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့သွားခဲ့တာပါ။ ဒီလိုမျိုးပြောင်းရွှေ့ခဲ့ရတာဟာ သူ မသွားချင်ဘဲ သွားခဲ့ရတာလို့ ဟာရဲရားက MUTV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။
အသင်းကနေ သူ ထွက်ခွာခဲ့ရချိန်က အကြောင်းတွေကို ပြန်လည်ပြောဆိုရင်း ဟာရဲရားဟာ ငိုကြွေးနေခဲ့ပါတယ်။ ယူနိုက်တက်က သူ့အပေါ်မှာ ပြုမူခဲ့တာတွေအတွက် တော်တော်လေးဝမ်းနည်းနေခဲ့ပုံရပြီး သူ့ကို စာချုပ်သစ်ကမ်းလှမ်းမယ်လို့ ထင်မှတ်ခဲ့တာကြောင့် နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းနေခဲ့ပေမယ့်လည်း အသင်းဘက်က လုပ်ရပ်တွေက သူမျှော်လင့်သလိုဖြစ်မလာခဲ့ဘူးလို့လည်း ဟာရဲရားက ဆိုပါတယ်။
"ယူနိုက်တက်ကနေ ထွက်ခွာရတာ တကယ်ခက်ခဲခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ မထွက်ခင် ၅လ၊ ၆ လအလိုမှာ ကျနော့်အတွက် ကမ်းလှမ်းမှုရောက်လာမယ်လို့ မျှော်နေခဲ့ရလို့ပါ၊ ကျနော်အသင်းကမထွက်ချင်ဘူး၊ ဘယ်သူ့အကြောင်းမှ မကောင်းပြောရမယ့် အချိန်မဟုတ်ပေမယ့် ကျနော့်ရဲ့ တတိယရာသီအပြီးမှာ အသင်းဆီက နည်းနည်းပိုမျှော်လင့်ခဲ့တာ၊
ပရိသတ်တွေပေးတဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပေမယ့် အသင်းက ကျနော့်ကို စာချုပ်သစ်မချုပ်ဘဲ တခြားကစားသမားတွေခေါ်ဖို့လုပ်ခဲ့တယ်"
"ဒါက တကယ်ကိုနာကျင်ခဲ့ရပါတယ်၊ ကျနော်နဲ့ထိုက်တန်တယ်လို့လည်း ထင်တယ်၊ သူတို့ကတော့ မလုပ်ခဲ့ဘူး၊ အဲဒီနောက် အသင်းမှာရှိတဲ့ အခိုက်အတန့်တွေကို ကျနော် မကျေနပ်ခဲ့လို့ အခြေအနေတွေကို ပြောင်းလဲသွားတယ်၊ အသင်းကိုတော့ ကျနော် မကောင်းတခွန်းမှ မပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ ဒီအသင်းကို ကျနော်အရမ်းကျေးဇူးတင်လို့ပါ၊
ဒါပေမယ့် နည်းနည်းတော့ နာကျင်တယ်ဗျာ၊ တတိယရာသီပြီးဆုံးချိန်မှာ ဆုဖလား ၃လုံး၊ တနှစ်တာအကောင်းဆုံးကစားသမားကို နည်းနည်းလေးတောင်မှ သူတို့ခေါ်ပြီးမဆွေးနွေးတာကို စိတ်ပျက်မိတယ်"
"စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့တဲ့အျိန်မှာ သူတို့လုပ်ခဲ့တာတွေက မမှန်ကန်ခဲ့ဘူး၊ ကျနော် နောက်ဆုံးနေ့အထိ အသင်းအတွက် တိုက်ပွဲဝင်ခဲ့တယ်၊ ဘာပြသနာမှလည်းမရှိခဲ့ဘူး၊ နောက်ဆုံးနေ့အထိ ကျနော့်စာချုပ်အပေါ်လေးစားခဲ့တယ်၊ ဒါပေမယ့် ကျနော့်အမြင်၊ ကျနော့်အေးဂျင့်ရဲ့ အမြင်၊ ကျနော့်မိသားစုရဲ့ အမြင်နဲ့ ထပ်တူကျတဲ့လုပ်ရပ်မျိုး ယူနိုက်တက်က မလုပ်ခဲ့ဘူးဗျာ" လို့ ဟာရဲရားက ပြောဆိုခဲ့ပါတယ်။
ဟာရဲရားကတော့ ယူနိုက်တက်မှာ ပရိသတ်တွေအရမ်းသဘောကျတဲ့ ကွင်းလယ်လူဖြစ်ခဲ့ပြီး အခု သူ့ရဲ့ အင်တာဗျူးထွက်ပေါ်လာချိန်မှာ သူ့ကို အသင်းကနေ အလွတ်ထွက်ခွာစေခဲ့တဲ့ တာဝန်ရှိသူတွေကို ပရိသတ်တွေက အပြစ်တင်ပြောဆိုနေကြပြီး လုံး၀ခွင့်လွှတ်နိုင်စရာမရှိဘူးလို့လည်း ဆိုနေကြပါတယ်။