ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကတော့ သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတွေရရင် အသင်းကထွက်ခွင့်ပေးဖို့အတွက် တောင်းဆိုထားပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုက အသင်းကို ရှင်းရှင်းလင်းလင်းအသိပေးထားပြီးဖြစ်သလို အသင်းမှာ ရည်မှန်းချက်မရှိဘူးလို့ ခံစားနေရပြီး သူက ဆုဖလားတွေအတွက် တိုက်ပွဲဝင်ချင်နေသူဖြစ်လို့ သူ့ဆန္ဒနဲ့ အသင်းရဲ့ အနေအထားက သဟဇာတမဖြစ်ဘူးလို့ ခံစားနေရကြောင်း ဖာဘရီဇီယိုရိုမာနိုက ဆိုပါတယ်။
ယူနိုက်တက်ဘက်ကတော့ ရော်နယ်ဒိုကို အသင်းမှာဆက်လက်ရှိနေစေချင်ပြီး သူ့ကိုရောင်းထုတ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်းမှာ ရော်နယ်ဒိုရဲ့အေးဂျင့်မန်ဒက်စ်က ချယ်လ်ဆီး၊ ဘိုင်ယန်တို့နဲ့ တွေ့ဆုံခဲ့ပေမယ့် တစုံတရာသဘောတူညီမှုတေ့ မရယူနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။
ပီအက်စ်ဂျီဘက်ကလည်း ဒီနွေရာသီအတွက် သူတို့ရဲ့စီမံကိန်းမှာ ရော်နယ်ဒိုမပါဝင်ဘူးလို့ ဆိုပါတယ်။ ရော်နယ်ဒိုနဲ့ တန်ဟက်ဂျ်ကြားမှာ ဘယ်လိုပြသနာမျိုးမှမရှိခဲ့ပေမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် နှောင့်နှေးနေတာ၊ ကျန်ထိပ်သီးအသင်းတွေအားလုံးက ကစားသမားသစ်တွေ အသီးသီးခေါ်ယူနေတာကို မြင်တွေ့ရတာက ရော်နယ်ဒိုကို စိတ်ပျက်စေခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ကာလတွေမှာ အသင်းနဲ့ပတ်သက်ပြီး တိတိပပထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမယ့် သူ စိတ်ပျက်နေတယ်ဆိုတာကို အရိပ်အမြွက်ဖော်ပြတဲ့အနေနဲ့ ပြောဆိုဖူးတာတော့ ရှိပါတယ်။ အဲဒါကတော့ "ကျနော်တို့က အရေးကြီးတဲ့အရာတွေကို အာရုံစိုက်သင့်တဲ့အချိန်မှာ ချက်ချင်းပြီးရမယ့်အလုပ်တွေအတွက်ပဲ အချိန်တွေအများကြီးကို ဖြုန်းတီးပစ်ခဲ့မိကြပါတယ်" ဆိုတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးက ချယ်လ်ဆီးဖြစ်နေပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။