လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယူနိုက်တက်က အမှားခံမှာမဟုတ်ဘဲ သူ့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အပေါ် သံသယရှိတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။ လီဗာပူးဟာ နောက်ဆုံး (၆) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့နောက် ပရီးမီးယားလိဂ်ရဲ့ အဆင့် (၄) နေရာက ယူနိုက်တက်ထက် တစ်ပွဲပိုကစား၊ (၁) မှတ်အကွာနဲ့ အဆင့် (၅) နေရာမှာ ရပ်တည်ဖိအားပေးနေပါတယ်။
အဲ့ဒါကြောင့်လည်း လီဗာပူးတို့ ရာသီကုန်ချိန်မှာ ယူနိုက်တက်ကိုကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရသွားနိုင်တယ်လို့ ပရိသတ်အချို့က ဆိုနေကြပါတယ်။ မနေ့ညကလည်း လီဗာပူးတို့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲအဖြစ် ဘရန့်ဖို့ဒ်ကို ဆာလာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်လို့ ကလော့ပ်ကတော့ “အခြားအသင်းတွေက ပိုကောင်းတဲ့ အနေအထားတစ်ရပ်မှာရှိနေပါတယ်။ သူတို့ နိုင်ပွဲတွေ ရနေသရွေ့ ကျွန်တော်တို့မှာ အခွင့်အရေး မရှိပါဘူး။ ကျွန်တော်တို့မှာ (၅၉) မှတ်၊ ယူနိုက်တက်က (၆၃) မှတ်ပါ။ ဒီတော့ ကျွန်တော်တို့ ရာသီကုန်ရင် အများဆုံး (၇၁) မှတ် ရနိုင်ပါတယ်”
“ယူနိုက်တက်က (၅) ပွဲကနေ (၈) မှတ်ပဲ လိုအပ်ပါတယ်။ သူတို့ ဒါကို လုပ်သွားနိုင်မယ်လို့ ထင်ပါတယ်” လို့ ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင်က ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ (၃) ပွဲသာ ကျန်ရှိတော့ပြီး လက်စတာ၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်တို့နဲ့ ရင်ဆိုင်ရမှာပါ။
ဒီ (၃) သင်းထဲမှာ လက်စတာ၊ ဆောက်သမ်တန်တို့က တန်းမဆင်းရရေး ရုန်းကန်ကြမယ့် အသင်းတွေဖြစ်ပြီး အက်စတွန်ဗီလာကလည်း အူနိုင်းအမ်မရီလက်ထက်မှာ ခြေစွာနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဝက်စ်ဟမ်း၊ ဝုလ်ဗ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နဲ့ ကစားရမှာဖြစ်ပြီး အမှတ်လိုအပ်ချက်အရ လီဗာပူးရဲ့ ပြိုင်ဘက်တွေလောက် မခက်ခဲဘူးလို့ သုံးသပ်နိုင်ပါတယ်။