အာတီတာကတော့ သူ့ရဲ့တိုက်စစ်မှူး အူဘာမီးယန်းအပေါ် ယုံကြည်ချက်ရှိနေဆဲပါ။

အာဆင်နယ်နည်းပြ အာတီတာက သူ့အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီးယန်းဟာ အကောင်းဆုံးပုံစံ ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ (၂၀၂၁)၊ မေနောက်ပိုင်း အဝေးကွင်းမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။



ဒါ့အပြင် နောက်ပိုင်းကစားခဲ့တဲ့ အာဆင်နယ်ရဲ့ပွဲစဥ်တွေမှာလည်း အူဘာမီးယန်းက အပိုင်အခွင့်အရေးတွေကို လွဲချော်နေပြီး နယူးကာဆယ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း အပိုင်အခွင့်အရေးတကြိမ်ကို တိုင်ထိအောင် ကန်ခဲ့သေးတာပါ။ အဲ့ဒါကြောင့်လည်း ဒီည ကစားမယ့် ယူနိုက်တက်နဲ့ အဝေးကွင်းပွဲမှာ အူဘာမီးယန်းကြောင့် တိုက်စစ်ပိုင်းအားနည်းမှာကို အာဆင်နယ် ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်နည်းပြ အာတီတာကတော့ “ဘောလုံးကို ဂိုးပေါက်ထဲ ကန်သွင်းဖို့ ဒါမှမဟုတ် မသွင်းဖို့က တစက္ကန့်ရဲ့ မီလီမီတာအစိတ်အပိုင်းလောက်ပဲ ကွာဟချက်ရှိတာပါ။ အူဘာမီးယန်းဆီမှာ ဒီစွမ်းဆောင်ရည်တွေရှိနေဆဲပါပဲ”

“အူဘာမီးယန်းက ဂိုးတွေပိုသွင်းနိုင်ဖို့ နည်းနည်းလေး အားလျှော့ကစားလိုက်မယ်ဆိုတာမျိုး မတွေးနိုင်ပါဘူး။ ကျနော်တို့ရဲ့ ရှေ့တန်းတိုက်စစ်ကစားသမားတွေက ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ အချိန်တိုင်း၊ အချိန်တိုင်း ကြိုးစားနေကြမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ အာဆင်နယ်နည်းပြ အာတီတာက အူဘာမီးယန်းကို ထပ်မံပွဲထုတ်ဦးမယ့်အပြင် တီယာနေး၊ တာဗာရက်စ်တို့ရဲ့ ဘယ်နောက်ခံလူနေရာအတွက်လည်း အပြောင်းအလဲပြုလုပ်သွားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ကတော့ ဒီနေ့ညပွဲမှာ ပွဲပယ်ပြစ်ဒဏ်က လွတ်မြောက်လာတဲ့ အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းရား ပြန်လည် ပါဝင်လာဖို့ရှိနေတာပါ။

အဲ့ဒါကြောင့်လည်း ဒီနောက်ပိုင်းပွဲတွေမှာ အခွင့်အရေးကောင်းတွေကို မကြာခဏ လွဲချော်နေတဲ့ အူဘာမီးယန်းနဲ့ မကြာခဏ အမှားအယွင်းတွေ ပြုလုပ်နေတဲ့ မက်ဂွိုင်းရားတို့ ထိပ်တိုက်တွေ့ချိန်မှာ ဘယ်သူက အသာရသွားမလဲ စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

က္က