နယူးပို့တ်ဗစ်ထရီရဲ့ အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ဟောင်လ်ဒန်က ယူနိုက်တက်ကို ဒီတစ်ပတ် အက်ဖ်အေဖလားပြိုင်ပွဲကနေ ဖြုတ်ချနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် နယူးပို့တ် အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ။
ဟောင်လ်ဒန်ဟာ သူ့အသက် (၁၃) နှစ်အရွယ်မှာ ဘရစ္စတိုလ်စီးတီးနဲ့ ယူနိုက်တက်တို့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲအတွက် ဘောကောက်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဆိုပါ ခုနှစ်ကတော့ (၂၀၁၇) ခုနှစ်ကဖြစ်ပြီး ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဘရစ္စတိုလ်က ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားနဲ့ပတ်သက်လို့ ဟောင်လ်ဒန်က “ယူနိုက်တက်နဲ့ ကစားရမယ့်ပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ဒီလို အသင်းကြီးမျိုးနဲ့ ကစားခွင့်ရဖို့ဆိုတာက လူငယ်တိုင်းရဲ့ အိပ်မက်တစ်ခုပါ။ ပရိသတ်တွေကလည်း တကယ်ကို အံ့အားသင့်စရာဖြစ်ပါလိမ့်မယ်”
“ကျွန်တော်တို့ အိမ်ကွင်းပရိသတ်အားပေးမှုကလည်း တကယ်ကို မိုက်မှာပါ။ အခု ယူနိုက်တက်နဲ့ ကစားရမယ့်ပွဲက ကျွန်တော့်ဘဝတစ်လျှောက် အကြီးမားဆုံးပွဲတစ်ပွဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ တကယ်ကို အံ့အားသင့်စရာပါပဲ။ကျွန်တော် ဘောကောက်ဘဝတုန်းက ဘရစ္စတိုလ်နဲ့ ယူနိုက်တက်တို့ ကစားတာကို ကြည့်ခဲ့ဖူးပါတယ်”
“တကယ်ကို အံ့အားသင့်ဖွယ် ခံစားချက်ဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကို အဲ့ဒီပွဲက ပြသခဲ့ပါတယ်။ ဖလားပွဲရှိတဲ့ညတွေက တကယ့်ကို စပါယ်ရှယ်ပါ။ ကျွန်တော်တို့က သန်မာတယ်၊ အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးသားပါ” လို့ ပြောကြားသွားခဲ့ပါတယ်။