ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိသွားခဲ့တဲ့ ပေါ့ဘာတယောက် ယူနိုက်တက်ဂျာစီကို လက်မှတ်ရေးထိုးပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဗီဒီယိုက အွန်လိုင်းပေါ်မှာ ရေပန်းစားလျက်ရှိပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်နဲ့၊ ယူနိုက်တက်ပရိသတ်တွေနဲ့ အကွဲအပြဲဖြစ်ခဲ့ပြီးမှ အသင်းကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဒီကစားသမားဟာ မနေ့က ဂျူဗင်တပ်စ်နဲ့ ဆေးစစ်မှုခံယူဖို့ တူရင်မြို့ကိုရောက်ရှိလာချိန်မှာ ဂျူဗင်တပ်စ်ပရိသတ်တွေက သူရဲကောင်းတယောက်လိုမျိုး တခဲနက်ကြိုဆိုခဲ့ပါတယ်။ ပေါ့ဘာဟာ ဂျူဗင်တပ်စ်နဲ့ ဆေးစစ်မှုခံယူခဲ့ပြီး အသင်းနဲ့ (၃) နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပေါ့ဘာတယောက် ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးနေချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဗီဒီယိုက ရေပန်းစားနေတာပါ။
ပရိသတ်တွေဟာ သူတို့ယူဆောင်လာတဲ့ ဂျာစီတွေပေါ်မှာ ပေါ့ဘာကို အမှတ်တရလက်မှတ်ရေးထိုးခိုင်းခဲ့ကြပြီး ဒီအထဲမှာ ပရိသတ်တယောက်က ပေါ့ဘာကို ယူနိုက်တက်ဂျာစီအပေါ်မှာ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာကတော့ ဒီဂျာစီကို သေချာကြည့်ရှုပြီးနောက် သူ့ရဲ့လက်ညှိုးအမူအရာနဲ့ လက်မှတ်မရေးထိုးပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
အသက် (၂၉) နှစ်အရွယ် ဒီကစားသမားကို ပရိသတ်တွေက လေဆိပ်မှာ စောင့်ဆိုင်းကြိုဆိုနေချိန်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။ ပရိသတ်တွေကတော့ ပေါ့ဘာအနေနဲ့ သူ့ရဲ့လူငယ်ကစားသမားဘဝ ဖြတ်သန်းခဲ့ရာ ယူနိုက်တက်ကို ခါးခါးသီးသီး မုန်းတီးသွားပြီလို့ မှတ်ချက်ပြုနေကြပါတယ်။ ယူနိုက်တက်ဟာ ပေါ့ဘာကို စာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် သူ့စိတ်ကြိုက်လုပ်ခပမာဏကို မရရှိတာကြောင့် အသင်းကနေ ထွက်ခွာခဲ့တာပါ။
ဒီကစားသမားအနေနဲ့ ဂျူဗင်တပ်စ်မှာ ပုံမှန်ထက် လုပ်ခလစာ လျှော့ယူခဲ့ရပေမယ့် ကျေကျေနပ်နပ်ကြီး ပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ ပေါ့ဘာဟာ (၂၀၁၈) မှာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြဿနာအကြီးအကျယ်တက်ခဲ့ပြီးတည်းက ယူနိုက်တက်ကို စွန့်ခွာဖို့ သတင်းတွေဆက်တိုက်ထွက်ပေါ်ခဲ့ပြီး အခုချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။