ဘောလုံးပွဲဝေဖန်သုံးသပ်သူတဦးဖြစ်တဲ့ ပီတာဒရူရီက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ရှိခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ထိုးနှက်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အဖြစ်ကို သူက ဓမ္မတာရာသီစက်ဝန်းနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပြီး တလကို နိုင်ပွဲတပွဲပုံမှန်ရနေတာကြောင့် ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးအသင်းတောင်ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ၀ုလ်ဗ်ကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီးနောက် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ ပိုမိုခက်ခဲလာပြီဖြစ်ပါတယ်။ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့်လေးနေရာက အာဆင်နယ်နဲ့ ၄ မှတ်အထိကွာဟနေကာ ထိပ်ဆုံးက မန်စီးတီးနဲ့ ၂၂ မှတ်အထိ ကွာဟပြီဖြစ်လို့ သူတို့ရဲ့ အဓိကပစ်မှတ်က ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်သာ ဖြစ်လာခဲ့ပါပြီ။
"တကယ်လို့ ဇန်နဝါရီမှာသာ သူတို့နိုင်ပွဲမရခဲ့ဘူးဆိုရင် အဲဒါ ကိုယ်ဝန်ရှိသွားလို့ပဲဖြစ်မယ်" လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်းကလည်း ပီတာဒရူရီပြောခဲ့သလိုမျိုးဖြစ်နေပြီး ရလဒ်ပိုင်းတွေအားနည်းနေခဲ့ကာ ပရိသတ်တွေအနေနဲ့ အသင်းခြေစွမ်းအပေါ် စိတ်တိုင်းမကျတာတွေက မြင့်တက်လာခဲ့နေပြီလည်းဖြစ်ပါတယ်။
ဆိုးလ်ရှားကိုထုတ်ပယ်ကာ ရန်းဂ်နစ်ခ်ကို ခန့်အပ်ထားခဲ့ပေမယ့် လက်ရှိမှာ အသင်းခြေစွမ်းက အားရစရာမရှိဖြစ်နေပြီး ၀ုလ်ဗ်နဲ့ပွဲက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က တော်တော်လေးနိမ့်ကျနေခဲ့ပါတယ်။ ဒီရာသီအတွက် ရော်နယ်ဒို၊ ဆန်ချို၊ ဗာရာနီတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း ၁၉ ပွဲကစားအပြီး ရမှတ်က ပြီးခဲ့တဲ့ရာသီက အဆိုပါပွဲအရေအတွက်ကစားပြီးရရှိခဲ့တဲ့ ရမှတ်ထက်လည်း နည်းပါးနေခဲ့ပါတယ်။