နယူးကာဆယ်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး အလန်ရှီးယားက မနေ့ညက ယူနိုက်တက်နဲ့ပွဲမှာ နယူးကာဆယ်တို့ ဂိုးတွေအများကြီးရခဲ့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ နယူးကာဆယ်က ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
စိန့်ဂျိမ်းပါ့ခ်မှာ အိမ်ရှင်တို့ ပြိုင်ဘက်ကို အသာစီးကစားနိုင်ခဲ့ပြီး အခွင့်အရေးအသာ၊ ခြေစွမ်းအသာနဲ့ စီးမိုး ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂေါ်ဒွန်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိခဲ့တာပါ။
ပွဲအပြီးမှာ အလန်ရှီးယားက “နယူးကာဆယ်က တောင်ပံတွေမှာ ထရစ်ပီယာ၊ လီဗရာမန်တိုတို့နဲ့ ယူနိုက်တက်က ဒါလော့၊ ဝမ်ဘစ်ဆာကာတို့ကို ဆက်တိုက် ဒုက္ခပေးခဲ့တာပါ။ သူတို့နောက်တန်းက ဂါနာချို၊ ရပ်ရှ်ဖို့ဒ်တို့ဆီကနေ ဘာအကူအညီမှကို မရခဲ့ပါဘူး”
“ရပ်ရှ်ဖို့ဒ်က ဒါမျိုး လုပ်ဖို့ကို စိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး။ ဒါမျိုးက အကြိမ်ပေါင်းများစွာဖြစ်ခဲ့ပြီး နယူးကာဆယ်က အခွင့်အရေးပေါင်းများစွာနဲ့ ဂိုးတွေ အများကြီး ပိုသွင်းနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော့်အတွက်တော့ ယူနိုက်တက်မှာ ဘဲဥပုပ်တွေ များနေပါတယ်။ ဆိုးရွားတဲ့ ခံယူချက်နဲ့ ကစားသမားတွေပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။
နယူးကာဆယ်ဟာ ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ ကစားခဲ့တဲ့ ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ နိုင်ပွဲရရှိခဲ့ပြီး ဒီပွဲစဉ်တွေအားလုံးမှာလည်း ဂေါ်ဒွန်က အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပါတယ်။