နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲကတော့ ထင်မှတ်သလို အကြိတ်အနယ်မဖြစ်ခဲ့ဘဲ ပျင်းရိငြီးငွေ့စရာကောင်းခဲ့ပါတယ်။ ကက်စ်မဲရိုးမကစားနိုင်ရင် အသင်းလိုက်ကစားပုံပါ ပျက်သွားတဲ့ အလေ့အထအတိုင်း ဒီပွဲမှာလည်း ယူနိုက်တက်တို့ မယ်မယ်ရရကစားကွက်တောင်မရှိခဲ့ဘဲ နယူးကာဆယ်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။ ဒီဂီယာကာကွယ်ပုံကောင်းတာ၊ နယူးကာဆယ်ဘက်က ကန်ချက်တွေ ညံ့ဖျင်းတာကြောင့်သာ ဂိုးစောစောမပေးခဲ့ရတာပါ။
တန်ဟက်ဂျ်ရဲ့ အသင်းက ဘာစိတ်လှုပ်ရှားစရာမှမပေးနိုင်ခဲ့တဲ့အပြင် ဝက်စ်ဟော့ဂ်နဲ့ တော်မီနေးတို့ကလည်း လူပိုကြီးတွေလိုဖြစ်နေခဲ့လို့ ပိုပြီးရုန်းကန်ခဲ့ရပါတယ်။ သူတို့နှစ်ယောက်စလုံး ခြေစွမ်းမပြနိုင်ခဲ့လို့လည်း နယူးကာဆယ်က လူအသာနဲ့တောင် ကစားနေရသလိုဖြစ်ခဲ့ပြီး တပွဲလုံးကို သူတို့စိတ်ကြိုက်ကစားသွားခဲ့တာပါ။ ပထမပိုင်းမှာကတည်းက နယူးကာဆယ်က ဂိုးကန်သွင်းခွင့်တွေပိုရခဲ့ပြီး ဂိုးလုနီးပါးဖြစ်ခဲ့ပေမယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့သာ သက်သာရာရခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ် ၆၀ မှာ တန်ဟက်ဂျ်က ဆန်ချိုနဲ့ မာရှယ်ကိုထည့်ပြီး အလှည့်အပြောင်းလုပ်ခဲ့ပေမယ့် ကစားပုံတက်မလာတဲ့အပြင် ဝီလော့ခ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကိုပါ ခွင့်ပြုလိုက်ရပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နယူးကာဆယ်က အိမ်ကွင်းမှာ ဖိဖိစီးစီးကစားခဲ့ကာ ယူနိုက်တက်တို့ ချေပဂိုးရဖို့အတွက်ကတော့ မနည်းကို ရုန်းကန်ခဲ့ရပါတယ်။ ပွဲကို စီးမိသွားပြီဖြစ်သလို ဦးဆောင်ဂိုးပါရခဲ့လို့ နယူးကာဆယ်က ပိုကောင်းလာခဲ့ပြီး ယူနိုက်တက်ကို ဂိုးပြန်မပေးရအောင်လည်း ဂရုစိုက်နိုင်ခဲ့ပါတယ်။
ပထမပိုင်းတပိုင်းလုံးမှာ ယူနိုက်တက်တို့ ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှမရှိခဲ့ဘဲ ဒါဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာပါ။ ဂိုးရနိုင်ချေ xG က ၀.၁၄ သာရှိခဲ့ပြီး တော်တော်လေးကို ဆိုးရွားခဲ့တဲ့ အခြေအနေပါပဲ။ ပေးလိုက်ရတဲ့ဂိုးကလည်း နောက်ခံလူနဲ့ ကွင်းလယ်လူတွေ ဘောလုံးကို အပြတ်မဖြတ်ထုတ်နိုင်ခဲ့ရာကနေ ပေးလိုက်ရတာဖြစ်ပြီး သူတို့ပရိသတ်တွေအတွက် တော်တော်လေးစိတ်ပျက်စရာကောင်းခဲ့မှာတော့ သေချာပါတယ်။
၈၈ မိနစ်မှာတော့ ကော်လမ်ဝီဆင်က အနိုင်သေချာစေမယ့် နောက်တဂိုးကို ထပ်သွင်းပေးခဲ့တာကြောင့် နယူးကာဆယ်တို့ ၂-၀ နဲ့ နိုင်ပွဲရရှိခဲ့ပြီး အဆင့် ၃ နေရာကို ဂိုးကွာခြားချက်အသာနဲ့ ပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်တော့ အဆင့် ၄ နေရာ ဆင်းသွားခဲ့ရပြီး ကာဆယ်နဲ့ ရမှတ် ၅၀ တူကာ အဆင့် ၅ က စပါးနဲ့ တမှတ်သာကွာဟတော့လို့(ယူနိုက်တက်တပွဲလျော့ကစားထား) ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ဖိအားတွေ ရှိသွားခဲ့ပြီဖြစ်ပါတယ်။