ချဲလ်ဆီး ကွင်းလယ်ကစားသမား မေဆင်မောင့်ဟာ ဒီညမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲအတွက် အသင်းဖော်ကစားသမားတွေကို သတိပေးစကားပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ယူနိုက်တက်တို့ ဒီည (၁၁) နာရီမှာ ရင်ဆိုင်မှာဖြစ်ပြီး ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အသင်းတသင်းပါ။
ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ်ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီး ကာရစ်က လတ်တလောမှာ အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူထားပါတယ်။ ရန်းနစ်ဂ်ကို ရာသီကုန်အထိ (၆) လစာချုပ်နဲ့ ခန့်အပ်ထားပြီးဖြစ်ပေမယ့် အလုပ်လုပ်ခွင့်ပါမစ် အဆင်မပြေသေးတာကြောင့် မကိုင်တွယ်နိုင်သေးပါဘူး။
ဒီလိုမျိုး ယူနိုက်တက်နဲ့ ပတ်သက်လို့ မေဆင်မောင့်က “ငါတို့လည်း ဒီလိုအခိုက်အတန့်မျိုး (နည်းပြအပြောင်းအလဲ) ကို ဖြတ်သန်းခဲ့ရဖူးတယ်လေ။ အဲ့ဒီအချိန်မှာ ကစားသမားတွေက တိုးတက်လာပြီး နည်းပြသစ်ရဲ့ အထင်ကြီးလေးစားမှုကို ရခဲ့တာပေါ့။ တကယ်လို့ ယူနိုက်တက်က ဒီလိုဖြစ်လာတယ်ဆိုရင် ငါတို့ ဒီအတွက် အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”
“အဆင်သင့်လည်းဖြစ်နေမှာပါ။ ဒါပေမယ့် ဒါက ခက်ခဲကြမ်းတမ်းတဲ့ပွဲတပွဲဖြစ်လာဖို့ရှိပြီး သူတို့ ဗီလာရီးရဲယ်ကို ၀-၂ ဂိုးနဲ့ နိုင်ခဲ့တာကိုကြည့်ရင် သိမှာပါ။ အရာအားလုံးအတွက် ပြင်ဆင်ထားရမှာပါ”
“ဒီပွဲက အရမ်းကိုခက်ခဲကြမ်းတမ်းပြီး ပြိုင်ဘက်က ယူနိုက်တက်ပါ။ သူတို့မှာရှိတဲ့ ကစားသမားတွေက တဦးချင်းအရရော၊ အသင်းလိုက်ပါ ကောင်းမွန်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ချဲလ်ဆီးကလည်း ပြီးခဲ့တဲ့ရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ဂန္တဝင်ကစားသမားဟောင်း လမ်းပတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး တူချယ်လ်ကို ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တူချယ်လ်နဲ့ ချဲလ်ဆီး ချက်ချင်း အသားကျခဲ့ပြီး ရာသီကုန်မှာလည်း ချဲလ်ဆီးက ချန်ပီယံလိဂ်ဖလားရရှိခဲ့ပါတယ်။