ပထမဆုံးအကြိမ် ကမ်းလှမ်းမှုတုန်းက ပေါင် ၄.၅ ဘီလီယံဝန်းကျင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရှိတ်ခ် ဂျက်ဆင်းမ် ဘင် ဟာမက် အယ်လ် သာနီဟာ မန်ချက်စတာယူနိုက်တက်အတွက် ပမာဏတိုးမြှင့်ထားတဲ့ ဒုတိယကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ပြီး သင့်တင့်လျောက်ပတ်တဲ့ ကမ်းလှမ်းမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

ကာတာ အစ္စလာမ်မစ်ဘဏ်ဥက္ကဌ အယ်လ် သာနီနဲ့ ဗြိတိန် ဘီလျံနာ ဆာ ဂျင်မ် ရက်ကလစ်ဖ်တို့ ၂ ဦးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို လက်လွှဲဝယ်ယူဖို့အတွက် ဦးဆောင်နေတဲ့ ပိုင်ရှင်လောင်း ၂ ဦးအဖြစ် ယူဆခြင်း ခံထားရသူတွေဖြစ်ပါတယ်။ ရှိတ်ခ် ဂျက်ဆင်းမ်ရဲ့ ကိုယ်စားလှယ်တွေဟာ လက်ရှိ ပြုလုပ်နေတဲ့ ပြောဆိုဆွေးနွေးမှုတွေရဲ့ တစ်စိတ်တပိုင်းအဖြစ် ပြီးခဲ့တဲ့အပတ်မှာ အိုးထရက်ဖို့ဒ်ကို လာရောက်လည်ပတ်ခဲ့ပြီး မန်ယူနိုက်တက်ကို ကလေးဘဝကတည်းက အားပေးခဲ့တဲ့ ရက်ကလစ်ဖ်ကလည်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အိပ်မက်ပြဇာတ်ရုံမှာရှိနေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အစပိုင်းတုန်းက ဗုဒ္ဓဟူးနေ့ည ၉ နာရီမှာ အသင်းကို ရောင်းချဖို့အတွက် နောက်ဆုံး ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ နောက်ဆုံးအချိန်သတ်မှတ်ထားခဲ့ပေမယ့်လည်း နှစ်ဖက်စလုံးက ၎င်းတို့ရဲ့ ကမ်းလှမ်းမှုကို ချိန်ညှိဖို့အတွက် အချိန်ပိုပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အချိန်တိုးပေးခဲ့တာဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အသင်းကို ရောင်းချဖို့ စဉ်းစားသွားမှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပေါင် ၆ ဘီလီယံ လိုချင်နေတယ်လို့ သိရပါတယ်။ ရက်ကလစ်ဖ်နဲ့ ၎င်းရဲ့ ဓာတုဗေဒကုမ္ပဏီ INEOS က ကြာသပတေးနေ့မှာ ယူနိုက်တက်ကို ဝယ်ယူဖို့ ပြန်လည်ပြင်ဆင်ထားတဲ့ ကမ်းလှမ်းမှုကို အဆိုပြုခဲ့တာဖြစ်ပြီး ရှိတ် ဂျက်ဆင်းမ်ကလည်း သောကြာနေ့ည စနေမနက်အကူးမှာ ထပ်တိုးထားတဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

 

Sky Sports သတင်းထောက် ဆိုလ်ဟီကိုရဲ့ ပြောကြားချက်အရ ရှိတ်ခ် ဂျက်ဆင်းမ်ဟာ မန်ယူနိုက်တက်အတွက် ဒုတိယမြောက်ကမ်းလှမ်းမှုကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကမ်းလှမ်းမှုအဖြစ် ဖော်ပြခဲ့ပြီး အသင်းက အကြွေးတွေအားလုံး ရှင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဂလေဇာတွေက အနည်းဆုံး ပေါင် ၆ ဘီလီယံလိုချင်နေပြီး ကာတာက ကမ်းလှမ်းမှုဟာ ထည့်သွင်းစဉ်းစားဖွယ်ရှိပြီး သင့်တင့်လျောက်ပတ်တဲ့ ပမာဏဖြစ်တယ်လို့ သိရပြီး ပထမဆုံးအကြိမ် ကမ်းလှမ်းမှုတုန်းက ပေါင် ၄.၅ ဘီလီယံဝန်းကျင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

 

ရှိတ်ခ် ဂျက်ဆင်းမ်နဲ့ ရက်ကလစ်ဖ်တို့ရဲ့ ကနဦး ကမ်းလှမ်းမှုတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ဆုံးရက်သတ်မှတ်ထားတဲ့ ပထမတစ်ချီမှာ ပေါင် ၅ ဘီလီယံမကျော်ခဲ့တာဖြစ်ပေမယ့်လည်း talkSPORT ရဲ့သတင်းအရ ရှိတ် ဂျက်ဆင်းမ်ရဲ့ ဒုတိယမြောက်ကမ်းလှမ်းမှုဟာ ပေါင် ၅ ဘီလီယံကျော်တယ်လို့ သိရပါတယ်။

 

အယ်လ် သာနီဟာ ကာတာအစ္စလာမ်မစ်ဘဏ် ဥက္ကဌနဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၃၅ ဘီလီယံ ချမ်းသာကြွယ်ဝတဲ့ တော်ဝင်မိသားစုဝင်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အရင်တုန်းကအတိုင်း အောင်မြင်မှုတွေ ပြန်လည်ရယူပေးချင်တယ်လို့ ပြောကြားခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က