ဖူလ်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲစဉ်ကတော့ ဒုတိယပိုင်းမှာ ဖူလ်ဟမ်ရဲ့ ကောင်းမွန်တဲ့ တုံ့ပြန်မှုကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး နောက်ဆုံးအချိန်ထိ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ရင်တမမဖြစ်နေခဲ့ရပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်က အဲရစ်ဆန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲကိုလည်း လွှမ်းမိုးထားနိုင်ခဲ့တာပါ။ ဒါကြောင့် လန်ဒန်မှာ သူတို့တွေ နိုင်ပွဲရဖို့က ဖြောင့်ဖြူးနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဖူလ်ဟမ်ဆီက မာကျောတဲ့တုံ့ပြန်မှုက ယူနိုက်တက်ကို ဖိအားတွေတိုးစေခဲ့ပါတယ်။
အဲရစ်ဆန်ကတော့ ၁၉၉၅ မှာ ယူနိုက်တက်အတွက် ဒိန်းမတ်ဂိုးသမားကြီးရှမိုက်ကယ်က ဂိုးသွင်းပေးပြီးနောက်ပိုင်း ပရီးယားလိဂ်သွင်းဂိုးရတဲ့ ပထမဆုံးဒိန်းမတ်သားဖြစ်လာခဲ့ပါတယ်။ အဲရစ်ဆန်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။ ဒါကြောင့်လည်း ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရဖို့ အခွင့်အရေးလည်း များပြားခဲ့ပါတယ်။
ထင်မှတ်မထားတာက ဒုတိယပိုင်းမှာ ယူနိုက်တက်ကစားသမားဟောင်းဒန်နီရယ်ဂျိမ်းစ်ကို ဖူလ်ဟမ်က လူစားထည့်လိုက်ပြီးချိန်မှာပါ။ ကွင်းထဲရောက်ပြီး ပထမဆုံးထိချက်မှာပဲ ဒန်နီရယ်ဂျိမ်းစ်က အသင်းဟောင်းဘက်ကို ဂိုးပြန်သွင်းခဲ့ပြီး ဖူဟမ်အတွက် ချေပပေးခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ဘောလုံးလိုက်ဆယ်ပြီး မထိန်းသိမ်းနိုင်ရာကနေ ဖူလ်ဟမ်က ဘောလုံးရသွားပြီး တန်ပြန်တိုက်စစ် ချက်ချင်းစတင်ကာ ချေပဂိုးရသွားခဲ့တာပါ။
အဲဒီမတိုင်ခင်ကတည်းက ဖူလ်ဟမ်က ဆက်တိုက်ဖိကစားနေပြီး ဒီဂီယာရဲ့ အံ့အားသင့်ဖွယ်ရာကာကွယ်မှုတွေကြောင့်သာ ချေပဂိုးမရခဲ့တာပါ။ ဒါပေမယ့် ဒန်နီရယ်ဂျိမ်းစ်ရဲ့ အနီးကပ်ပိတ်သွင်းချက်ကိုတော့ သူ မတားဆီးနိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရပါတယ်။ ချေပဂိုးရပြီးနောက်မှာလည်း ဖူလ်ဟမ်ကပဲ အသာစီးနဲ့ ဆက်ကစားခဲ့ပြီး အနိုင်ဂိုးရဖို့ အားထုတ်လာလို့ ယူနိုက်တက်တို့ တော်တော်လေးအခက်တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်တို့ အနိုင်ဂိုးရဖို့ထက် အနိုင်ဂိုးမပေးရအောင် မနည်းကစားခဲ့ရပြီး ဖူလ်ဟမ်ရဲ့ လျင်မြန်တဲ့တိုက်စစ်ကစားပုံတွေက တော်တော်လေးထိရောက်ခဲ့ပါတယ်။ ယူနိုက်တက်ကံကောင်းခဲ့တာကတော့ လူစားဝင်လာတဲ့ ဂါနာချိုက နာကျင်အချိန်ပိုမှာ အဲရစ်ဆန်ရဲ့ ဖန်တီးပေးမှုကနေ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တာပါ။ အာဂျင်တီးနားလူငယ်လေးကတော့ ယူနိုက်တက်ကို ဆက်တိုက်ကယ်တင်ပေးနေပြီး အဖိုးတန် ၃ မှတ်ရရှိအောင်ပါ စွမ်းဆောင်ပေးသွားခဲ့ပါတယ်။