ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာချင်တယ်ဆိုရင် အနည်းဆုံး ၆ လလောက် စောင့်ဆိုင်းရလိမ့်မယ်လို့ Daily Star ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကို စုစုပေါင်း ၆ နှစ်ကြာ နည်းပြရင်း အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲပြီး အိုးထရက်ဖို့ဒ်မှာ နည်းပြရာထူးကို ရယူသွားချင်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ဆိုးလ်ရှားရဲ့နေရာမှာ အမြဲတမ်းနည်းပြအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက ဦးစားပေးခန့်အပ်ချင်တဲ့ နည်းပြလို့ နားလည်ရပေမယ့်လည်း မန်ချက်စတာကလပ်က လက်ရှိမှာတော့ ရာသီကုန်အထိ ယာယီနည်းပြ ခန့်အပ်ဖို့ကို ရှာဖွေနေတာဖြစ်ပါတယ်။
Manchester Evening News က မန်ချက်စတာယူနိုက်တက်အသင်းဟာ ပိုချက်တီနိုအတွက် ချဉ်းကပ်မှုကို ဆိုင်းငံ့ထားခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီနည်းပြကို အိုးထရက်ဖို့ဒ်လာဖို့ ဘယ်လောက်မြန်မြန် စည်းရုံးနိုင်မလဲဆိုတာကိုသာ စောင့်ကြည့်ဖို့ ကျန်တော့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ပိုချက်တီနိုကို လာမယ့် နွေရာသီမတိုင်မီ အသင်းကို စွန့်ခွာခွင့်မပေးမယ့်ပုံပေါ်တာကြောင့် ယူနိုက်တက်အနေနဲ့ ယခုရာသီကုန်အထိ ယာယီနည်းပြ ခန့်အပ်သွားရတော့မှာဖြစ်ပြီး ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ ဆီဗီလာနည်းပြ လော့ပ်တယ်ဂီတို့လို နည်းပြတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုုက်တက်အသင်းဟာ ယာယီနည်းပြအဖြစ် အသင်းနဲ့ လက်တွဲမယ့် အလားအလာရှိတဲ့ နည်းပြအများအပြားနဲ့ စကားပြောသွားဖို့ စီစဉ်ထားပြီး အခြားအသင်းက နည်းပြကို ခေါ်ယူဖို့ မလွယ်ကူတာကြောင့် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့သူမျိုးကို ပိုမို ဦးစားပေး ခေါ်ယူသွားမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပွဲစဉ်တွေ ဆက်နေတဲ့ ခရစ္စမတ်ကာလမတိုင်မီ ဒီဇင်ဘာလလယ်လောက်မှာ ယာယီနည်းပြတစ်ဦးကို ခန့်အပ်သွားချင်တာဖြစ်ပြီး ပွဲကြပ်ကာလကြီးမှာ ခန့်အပ်မှာဖြစ်တာကြောင့် ယာယီနည်းပြအနေနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ အခက်တွေ့နိုင်တယ်ဆိုတဲ့အချက်ကိုလည်း လက်ခံပေးသွားမယ်လို့ သိရပါတယ်။
ယခုရာသီကုန်အထိ မန်ချက်စတာယူနိုက်တက်ရဲ့ယာယီနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ဘယ်သူမဆို ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာအတွင်း ဝင်ရောက်နိုင်အောင် စွမ်းဆောင်ပေးမယ်ဆိုရင် ကြီးမားတဲ့ ဆုကြေးငွေ ချီးမြှင့်ခြင်းခံရမှာဖြစ်ပြီး လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟနေသလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း ၆ မှတ်ကွာဟနေတဲ့အတွက် ယူနိုက်တက်က အသင်းကို တည်ငြိမ်မှုရအောင် လုပ်ဆောင်ပေးနိုင်မယ့်သူကို ခန့်အပ်ချင်နေတယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ယာယီနည်းပြ ခန့်အပ်ပြီးတာနဲ့ ၂၀၂၂-၂၀၂၃ ရာသီအစမတိုင်ခင် ထိပ်တန်းအဆင့် နည်းပြတစ်ဦးကို ခေါ်ယူသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လက်စတာစီးတီးနည်းပြ ဘရန်ဒန် ရော့ဂျားစ်နဲ့ ပိုချက်တီနိုတို့က ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် ရှိနေတာဖြစ်ပါတယ်။