နာပိုလီ နောက်ခံလူ ကင်မင်ဂျေးဟာ နွေရာသီ အပြောင်းအရွှေ့စဖွင့်တာနဲ့ တစ်ပြိုင်နက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေပေမယ့် လက်ရှိအချိန်မှာ အတားအဆီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ စစ်မှုထမ်းတာဝန်ဖြစ်ပြီး ကင်မင်ဂျေးက ယူနိုက်တက်ကို မပြောင်းရွှေ့ခင် စစ်မှုထမ်းရဦးမှာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ ကင်မင်ဂျေးတစ်ယောက် ဒီနှစ်အတွင်းမှာ စစ်မှုထမ်းရဖို့ရှိပြီး ဒီစစ်မှုထမ်းကာလက အပြောင်းအရွှေ့ကာလကို နှောင့်ယှက်နေတာကြောင့် ယူနိုက်တက်လည်း အခက်တွေ့ရဖွယ်ရှိပါတယ်။ ယူနိုက်တက်ဟာ ကင်မင်ဂျေးကို ဇူလိုင်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း စာချုပ်ပါလျော်ကြေး ပေါင် (၅၂) သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်ထားပါတယ်။
ဒီလိုအနေအထားမျိုးမှာ ကင်မင်ဂျေးက သူ့ရဲ့ စစ်မှုထမ်းရမယ့် ကာလထက် ပိုမိုစောလျင်ပြီး စစ်မှုသွားထမ်းဖို့ရှိနေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကစားသမားကိုယ်တိုင်က လက်ရှိအချိန်မှာ တောင်ကိုရီးယားကို ပြန်သွားပြီး စစ်မှုထမ်းကာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်သွားဖို့ ဆန္ဒရှိနေပါတယ်။
ကင်မင်ဂျေးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အိမ်ပြောင်းမှု ပြင်ဆင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကနေ မန်ချက်စတာမြို့ကို တိုက်ရိုက် သွားရောက်ဖို့အတွက်လည်း အစီအစဥ်ချထားပါတယ်။ အဲ့ဒါကြောင့် ဒီကစားသမားက အသင်းဖော်တွေနဲ့ နှုတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး နာပိုလီအသင်းသားတွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရှိရပါတယ်။
ကင်မင်ဂျေးဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေပြီး နာပိုလီဘက်က စာချုပ်သစ်ကို ပြင်ဆင် ချုပ်ဆိုဖို့ ကြိုးစားခဲ့တာကိုလည်း လက်သင့်ခံခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီ နာပိုလီနဲ့အတူ စကူဒက်တို ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကင်မင်ဂျေးတစ်ယောက် မျှော်လင့်ထားတဲ့အတိုင်း အမြန်ဆုံး စစ်မှုထမ်းပြီး ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်မလား စောင့်ကြည့်ရမှာပါ။