လိဒ်နဲ့ပွဲမှာ ခြေစွမ်းပြပြီး ၂ ကြိမ်ဖန်တီးပေးခဲ့တာပါ။

လိဒ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးခဲ့ပြီး အကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့တဲ့ ဆန်ချိုကို ပရိသတ်တွေက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။ ဂျေဒန်ဆန်ချိုက အခုမှ ယူနိုက်တက်ကို ရောက်ရှိလာတာလို့ ပရိသတ်တဦးက ပြောဆိုခဲ့ပြီး ဒေါ့မွန်က ဆန်ချိုအစစ်ကို မြင်တွေ့ရပြီလို့လည်း အမွှမ်းတင်ခဲ့ကြပါတယ်။

အဝေးကွင်းမှာ ယူနိုက်တက်က ၂-၄ နဲ့ အနိုင်ရရှိခဲ့ရာမှာ ၂ဂိုးဦးဆောင်ပြီးမှ ၂ ဂိုးပြန်ပေးခဲ့ရလို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း လူစားဝင်လာတဲ့ ဖရက်ဒ်ရဲ့ ခြေစွမ်းပြမှု၊ ဆန်ချိုရဲ့ ဖန်တီးပေးမှုတွေက ယူနိုက်တက်ကို နောက်ထပ်ဦးဆောင်ဂိုးရရှိစေခဲ့ပြီး အီလန်ဂါက ပွဲချိန်နှောင်းပိုင်းမှာ အနိုင်သေချာစေမယ့်ဂိုးကို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့ပါတယ်။ 

ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာ အထိုင်ကျဖို့အတွက် တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။ ပွဲအတန်အသင့်ကစားပြီးချိန်ထိ ဖန်တီးမှုမရှိ၊ ဂိုးလည်းမသွင်းနိုင်ဖြစ်နေခဲ့ပြီး ဒီလအတွင်းမှာမှ သူက သွင်းဂိုး ၂ ဂိုးရရှိခဲ့ကာ မနေ့ကပွဲမှာတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ 


အခုဆိုရင် သူက ယူနိုက်တက်အတွက် လိဂ်ပွဲ ၂၁ ပွဲကစားအပြီးမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲစုံသွင်းဂိုးကတော့ ၄ ဂိုးအထိ ရှိနေပြီဖြစ်ပြီး မနေ့ကပွဲမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်မြင်ရလုနီးပါးဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်းပဲ ပရိသတ်တွေက ဆန်ချိုက အခုမှ ရောက်လာခဲ့တာ၊ ငါတို့လက်ထဲမှာ အရမ်းထူးခြားတဲ့ကစားသမားတယောက်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုချီးကျူးခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က