အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကစားရမှာပါ။

ဒီနေ့မှာကစားရမယ့် မန်ချက်စတာယူနိက်တက်နဲ့ အက်ဖ်အေဖလားဆီမီးပွဲမှာ အသင်းသမိုင်းကြောင်းကို ပြောင်းလဲပစ်ဖို့အတွက် ဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီက သူ့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။ ၉၀ ပြည့်နှစ်ကျော်ကာလတွေမှာ အပျော်တမ်းအဆင့်သာသာမှာပဲ ရှိနေခဲ့တဲ့ ဘရိုက်တန်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး အသင်းတသင်းအဖြစ်ရှိနေပြီလည်းဖြစ်ပါတယ်။ 

၅ နှစ်အတွင်းမှာ ဆီမီးဖိုင်နယ်ကို ၂ ကြိမ်တက်ရောက်နိုင်ခဲ့ပြီး ဒီနေ့ကစားမယ့်ပွဲမှာလည်း ယူနိုက်တက်ကို အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့အထိကို တောက်ပနေတာဖြစ်ပါတယ်။ ဘရိုက်တန်ကို အက​ောင်းဆုံးပုံစံဖြစ်အောင် တည်ဆောက်ပေးထားတဲ့ ဒီဇာဘီက ယူနိုက်တက်ကို အနိုင်ယူကာ အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ကစားသမားတွေကို တွန်းအားပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

"သမိုင်းကြောင်းကို ကျနော်တို့ ပြောင်းလဲချင်ပါတယ်၊ ဒီကစားသမားတွေအတွက် ပရိသတ်တွေကို ဂုဏ်ယူစေချင်တယ်၊ ကျနော့်ကစားသမားတွေက တခြားအသင်းကလူတွေနဲ့ ကွဲပြားပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ပရိသတ်တွေရဲ့ အရေးကြီးတဲ့ သူတွေမို့ပါ၊ ပရိသတ်တွေအတွက် သူတို့ကစားပေးနေကြတာပါ၊ လာမယ့်ပွဲမှာလည်း ပရိသတ်တွေကို ပျော်ရွှင်စေလိမ့်မယ်ဆိုတာ သေချာပါတယ်" လို့ ဒီဇာဘီက ပြောဆိုခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီး နောက်ဆုံးလက်ကျန် ဆုဖလားတလုံးအဖြစ် အက်ဖ်အေဖလားသာ ရှိတော့တာဖြစ်ပါတယ်။ ဒီရာသီမှာ ဘရိုက်တန်ကို နှစ်ကျော့စလုံးအရေးနိမ့်ထားတဲ့ ယူနိုက်တက်အတွက် ဒီပွဲက လက်စားပြန်ချေရမှာဖြစ်သလို ဆုဖလားတလုံးအတွက်လည်း ပြိုင်ဆိုင်ရမှာမို့ အရမ်းအရေးကြီးနေပါတယ်။ 


ဒီဇာဘီက "ကျနော့်ကစားသမားတွေကို ယုံကြည်ပါတယ်၊ ကျနော်က မာနတွေကြီးနေတယ်လို့တော့ မထင်စေချင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်က အဲဒီလိုလူမျိုးမဟုတ်လို့ပါ၊ ဒီပွဲကို ကျန​ော်တို့အနိုင်ရမယ်လို့ ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော့်ကစားသမားတွေကို ယုံကြည်လို့ပါ၊ ယူနိုက်တက်ကစားသမားတွေရဲ့ အရည်အသွေးကို ကျနော်ကောင်းကောင်းသိပါတယ်၊ လေးစားမှုလည်း အပြည့်ရှိပါတယ်"

"ခက်ခဲတဲ့ပွဲတပွဲဖြစ်လာမှာပါ၊ ဒါပေမယ့် သူတို့အတွက်လည်း လွယ်ကူမယ့်ပွဲမဟုတ်ပါဘူး၊ ဒီပွဲမှာ ကျနော်တို့ရေပန်းစားနေတယ်ဆိုပေမယ့် ဒါက ဖိအားတော့ဖြစ်လာမှာမဟုတ်ဘူး၊ ကစားသမားတွေလည်းအတူတူပါပဲ၊ သူတို့က ဖိအားတွေကို သဘောကျကြပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။ 

Share

Loading Next Article...
က္က