ကာတာအုပ်စုက ရှိတ်ယာဆင်ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူခဲ့ပြီးရင် အသင်းအတွက် ခေါ်ယူပေးမယ့် ကစားသမားတွေကိုပါ ရွေးချယ်စီစဉ်ထားပြီးဖြစ်တယ်လို့် Sky Sports က ဖော်ပြခဲ့ပါတယ်။ သူ ခေါ်ယူမယ့် ကစားသမားစာရင်းမှာ ဘတ်ပီက ထိပ်ဆုံးကနေ ပါဝင်နေခဲ့ပြီး ယူနိုက်တက်အတွက်တော့ တကယ်စိတ်လှုပ်ရှားစရာကောင်းမယ့် အစီအစဉ်တခုဖြစ်ပါတယ်။
ဒါပေမယ့်လည်း အခုအခါမှာ သူက ဒေါ်လာ ၈ ဘီလျံအထိ အကုန်အကျခံပြီး အသင်းကို လက်လွှဲယူ၊ ပြန်လည်တည်ဆောက်ပေးမယ့် ကမ်းလှမ်းမှုကို အသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က ငြင်းဆန်ခဲ့လို့ မဝယ်ယူနိုင်တော့ပါဘူး။ သူ့ရဲ့ စီမံကိန်းတွေကလည်း ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ကို ဝယ်ယူပြီးပါက ရှိတ်ယာဆင်က ပီအက်စ်ဂျီကစားသမား ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်ကစားသမား ကင်စလေကိုးမန်းနဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကာမာဗင်ဂါတို့ကို ယူနိုက်တက်အတွက် ဝယ်ယူဖို့ရာ plan လုပ်ထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။
အခု ထွက်ပေါ်လာတဲ့ သတင်းကတော့ အသင်းကို ကာတာအုပ်စုဆီ ရောင်းချစေချင်နေတဲ့ ယူနိုက်တက်ပရိသတ်တွေအတွက် တကယ်နှမျောစရာကောင်းစရာဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အသင်းပိုင်ရှင် ဂလေဇာမိသားစုအပေါ် ပိုမိုဒေါသထွက်ပြီး မုန်းတီးမှုတွေလည်း ပိုများလာတော့မှာ ဖြစ်ပါတယ်။
ကာတာအုပ်စုဟာ ယူနိုက်တက်ကို ပြန်လည်တည်ဆောက်ဖို့ရာအတွက်ချည်းသက်သက် ဒေါ်လာ ၁.၅ ဘီလျံအထိ သုံးစွဲမယ့်အစီအစဉ်ကိုပါ ကမ်းလှမ်းမှုမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ ဒါပေမယ့် ဂလေဇာမိသားစုကတော့ ငြင်းဆန်ခဲ့လို့ အထမမြောက်ခဲ့တာဖြစ်ပါတယ်။