ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့တပတ်က အိမ်ကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို ဘရူနိုဖာနန်ဒက်စ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဆောက်သမ်တန်အတွက်တော့ ဒီရာသီမှာ ၂ပွဲမြောက်ရှုံးပွဲဖြစ်ပြီး အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ အရှုံးပေးခဲ့ရကာ လက်ရှိမှာတော့ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
လာမယ့်ပွဲစဉ် ၅ မှာတော့ ဆောက်သမ်တန်က ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆောက်သမ်တန်ရဲ့ တရားဝင်တွစ်တာအကောင့်မှာတော့ ချယ်လ်ဆီးနဲ့ကစားရမယ့်ပွဲအတွက် ပို့စ်တင်ခဲ့ရာမှာ "ရှုံးပွဲကနေပြန်ရုန်းထွက်ဖို့ အခွင့်အရေး" လို့ caption ရေးသားခဲ့ပြီး ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ပွဲကနေ ပြန်လည်ရုန်းထွက်ဖို့အတွက် အဆိုပါပွဲကို အနိုင်ကစားဖို့ လှုံ့ဆော်ခဲ့ပါတယ်။
ချယ်လ်ဆီးကလည်း ဒီရာသီမှာ လိဒ်ယူနိုက်တက်ကို မထင်မှတ်ဘဲ ၃-၀ နဲ့ အဝေးကွင်းမှာ အရေးနိမ့်ထားခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက ၂ပွဲအထိအနိုင်ရထားကာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး ပြီးခဲ့တဲ့တပတ်ကလည်း တယောက်လျော့အနေအထားနဲ့ လက်စတာကို အနိုင်ရအောင် အိမ်ကွင်းမှာ ကစားနိုင်ခဲ့ကာ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံးအနေအထားကို ရောက်ရှိနေမှာ သေချာပါတယ်။
ဆောက်သမ်တန်ကတော့ ရှုံးပွဲကနေ ပြန်လည်ရုန်းထွက်ဖို့အတွက် လှုံ့ဆော်ခဲ့ရုံသက်သက်သာဖြစ်ပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ရေးသားခဲ့တဲ့ caption ကို ရယ်မောနောက်ပြောင်နေကြပါတယ်။ ချယ်လ်ဆီးကို အိမ်ကွင်းမှာ အနိုင်ယူဖို့အတွက် ဆောက်သမ်တန်က အသင့်ဖြစ်နေပြီလို့ ရေးသားပြောဆိုခဲ့ကာ ချယ်လ်ဆီးတော့မလွယ်တော့ဘူးလို့ နောက်ပြောင်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆောက်သမ်တန်ဟာ ချယ်လ်ဆီးနဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲတွေ့ဆုံခဲ့ရာမှာ တပွဲမှအနိုင်မရထားခဲ့သလို အိမ်ကွင်းနောက်ဆုံးပွဲမှာလည်း ၀-၆ နဲ့ ပြတ်ပြတ်သားသားအရေးနိမ့်ထားခဲ့ပါတယ်။