ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်က လက်ရှိ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ဖြစ်ရင် ရော်နယ်ဒိုကို လူစာရင်းကနေ ဖယ်ရှားသင့်တယ်လို့ အံ့အားသင့်ဖွယ် ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ကာ ကာရစ်က ယာယီနည်းပြအဖြစ် တာဝန်ယူထားပါတယ်။ အသင်းအနေနဲ့ ရာသီကုန်အထိ ကိုင်တွယ်မယ့် ယာယီနည်းပြကို ရှာဖွေနေတယ်ဆိုတာကြောင့် လာမယ့်ရာသီမှာ နည်းပြထပ်ပြောင်းဖို့ အစီအစဥ်ရှိနေဆဲပါ။
အဲ့ဒီနေရာအတွက် လက်ရှိလက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ နှုတ်အားဖြင့် သဘောတူညီထားတယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ ကာတန်ကိုးလ်က ဘရန်ဒန်ရော်ဂျာကို အခုလိုပဲ တိုက်တွန်းလာတာပါ။
ကာတန်ကိုးလ်က “ရော်ဂျာအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်ဖြစ်ရင် ရော်နယ်ဒိုကို ဖယ်ထားလိုက်ပါတော့။ အသင်းမှာ ကစားခွင့်မရပေမယ့် အရမ်းအရမ်းကောင်းတဲ့ ကစားသမားတွေရှိပါသေးတယ်။ နောက်ပြီး ရော်ဂျာလိုလူမျိုးက အနာဂတ်အတွက် အသင်းကို တည်ဆောက်တတ်တဲ့လူမျိုးပါ။ နောက်ပြီး ဘယ်လင်ဂမ်တို့လို ကစားသမားမျိုးတွေကို ခေါ်မယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာပဲလေ”
“အနာဂတ်အတွက် အစီအစဥ်ဆွဲမယ်ဆိုရင် ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အနာဂတ်ဖြစ်နိုင်ပါ့မလား? ရော်ဂျာ ဘယ်လိုကစားချင်လဲဆိုတာ ခင်ဗျားတို့ သိတာပဲ။ သူက ပြိုင်ဘက်ကို High Pressing ကစားချင်တာပါ။ သူက ရာနှုန်းပြည့်ခွန်အားသုံးမယ်၊ ဘောလုံးဆုံးနေချိန်မှာလည်း အလုပ်လုပ်ရမယ်၊ သူ ဒါကို သဘောကျတာလေ"
“ဒီတော့ သူ့ရဲ့စနစ်နဲ့ မကိုက်ညီတဲ့၊ အသင်းဖွဲ့စည်းပုံနဲ့ အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းလင်းပစ်ရမှာပေါ့။ မဟုတ်ရင်တော့ သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ ဆန့်ကျင်နေရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာကလည်း ဒီရာသီမှာ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက် နိုင်ပွဲပျောက်ထားသလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၁၂) နေရာကို ရောက်ရှိနေပါတယ်။