လီဗာပူးနဲ့ယူနိုက်တက်ရဲ့ ငွေကြေးသုံးစွဲပုံကို ဂွါဒီယိုလာက ပြန်လည်ထိုးနှက်လိုက်တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ သူတို့ရဲ့ မဟာပြိုင်ဘက်ဖြစ်နေတဲ့ လီဗာပူးကိုရော၊ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကိုပါ တပါတည်း ထိုးနှက်တိုက်ခိုက်လိုက်ပြန်တယ်လို့ သိရှိရပါတယ်။ ဂွါဒီယိုလာဟာ ဒီရက်ပိုင်းအတွင်းမှာတင် အင်္ဂလန်တနိုင်ငံလုံးက လီဗာပူးကို ဖလားရစေချင်တယ်လို့ ပြောကြားထားတာပါ။



ဂွါဒီယိုလာရဲ့ ဒီပြောစကားတွေကို လီဗာပူးနည်းပြ ကလော့ပ်က လီဗာပူးမြို့မှာတောင် လူဦးရေ တဝက်လောက်ကပဲ လီဗာပူးကို ပရီးမီးယားလိဂ်ဖလား ရစေချင်တာလို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အခုတခါမှာတော့ ဂွါဒီယိုလာက ငွေကြေးသုံးစွဲတာနဲ့ပတ်သက်လို့ လီဗာပူးအပြင် ယူနိုက်တက်ကိုပါ တပါတည်း ထိုးနှက်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဂွါဒီယိုလာက “ကျနော် ပြောတာ နားထောင်ဦး။ လီဗာပူးရဲ့ (၁၉၇၀) ဒါမှမဟုတ် (၁၉၈၀) ကာလတွေ ပြီးရင် ယူနိုက်တက်ရဲ့ ဖာဂူဆန်ခေတ်တွေမှာတုန်းက ဘယ်သူက ပိုက်ဆံပိုသုံးခဲ့လဲ? ပြောပါဦး။ နော့ဝစ်ချ်သုံးတာလား။ နော့ဝစ်ချ်က အဲ့ဒီကာလတွေမှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းလား? ဒါမှမဟုတ် အခြားအသင်းတသင်းသင်းလား?”

“လက်စတာလား? လက်စတာက ဘာလဲ၊ ယူနိုက်တက်ထက်ရော၊ လီဗာပူးထက်ရော ပိုက်ဆံတွေ ပိုသုံးခဲ့တာလား အဲ့ဒီတုန်းက။ မဟုတ်ပါဘူဗျာ။ သူတို့နှစ်သင်းကပဲ အခြားအသင်းတွေထက် ပိုက်ဆံပိုသုံးခဲ့တာ။ ဒါပေမယ့် အဲ့ဒီအချိန်က သူတို့သုံးခဲ့တဲ့ ပိုက်ဆံက အခုခေတ်နဲ့ကျတော့ လုံးဝကို ကွဲပြားသွားပြီပေါ့ဗျာ” လို့ ထိုးနှက်သွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ရှိတ်ခ်မန်ဆော်လက်ထဲ ရောက်ရှိသွားပြီးနောက်ပိုင်း နေ့ချင်းညချင်း ကြီးထွားလာခဲ့ပြီး ပရီးမီးယားလိဂ်မှာရော၊ ဥရောပမှာပါ ထိပ်တန်းအသင်းတသင်းဖြစ်လာခဲ့တာပါ။ တချိန်တည်းမှာပဲ သူတို့ရဲ့ ငွေကြေးသုံးစွဲမှုတွေကို ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဂွါဒီယိုလာကတော့ အခုချိန်မှာ လီဗာပူးရော၊ ယူနိုက်တက်ကိုရော ဥပမာပေးပြီး ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က