အိုးထရက်ဖို့ဒ်မှာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ လီဗာပူးလ်က အကြီးအကျယ်အောင်ပွဲရခဲ့ပြီး ဆာလာက ၃ ဂိုးအထိ သွင်းယူပေးကာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ အောက်တိုဘာလ ၂၁ ရက်နေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲမှာ လီဗာပူးလ်အတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ လီဗာပူးလ်က အကြီးအကျယ်အောင်ပွဲရခဲ့ပြီး ဆာလာက ၃ ဂိုးအထိ သွင်းယူပေးကာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
အခုအခါမှာတော့ အဆိုပါပွဲစဉ်မှာ သူ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ပြန်လည်ရောင်းချပြီး ရန်ပုံငွေရှာဖွေပေးဖို့အတွက် ဆာလာက ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုပွဲမျိုးမှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီ၊ ဘောလုံးတွေကို အမှတ်တရအနေနဲ့ သိမ်းဆည်းလေ့ရှိကြပြီး ဆာလာကတော့ အကျိုးပြုလုပ်ငန်းတွေကို ကူညီပေးနိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
"အောက်တိုဘာလ ၂၁ ရက်နေ့က ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ကျွန်တော်ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံတင်ရောင်းချချင်ပါတယ်၊ ရောင်းချလို့ရရှိတဲ့ငွေကြေးအားလုံးကို အီဂျစ်က တိရိစ္ဆာန်ပရဟိတအသင်းကို လှူဒါန်းမှာပါ၊ ဘယ်နေရာမှာ ဘယ်လိုစျေးနှုန်းနဲ့ ရောင်းချလို့ရမလဲဆိုတာလေးကို သိပါရစေခင်ဗျာ" လို့ ဆာလာက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားမေးမြန်းထားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်လို့နာမည်ပြောင်းပြီးနောက် အိုးထရက်ဖို့ဒ်မှာ ဘယ်ကစားသမားကမှ လိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဟက်ထရစ်သွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ဆာလာက ပထမဆုံးကစားသမားဖြစ်လာခဲ့တာပါ။ ဒီလိုအမှတ်တရတွေနဲ့ ပြည့်နှက်နေပေမယ့်လည်း အီဂျစ်တိုက်စစ်မှူးကတော့ မွေးရပ်မြေမှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို ထောက်ပံ့ပေးနိုင်ဖို့ ဂျာစီကို လေလံတင်ရောင်းချသွားတော့မှာဖြစ်ပါတယ်။