အာဆင်နယ်နည်းပြ အာတီတာနဲ့ ဂိုးသမား ရမ်စ်ဒေးလ်တို့က ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ရှုံးခဲ့တဲ့ရှုံးပွဲက အသင်းရဲ့ အနေအထားကို သိသာစေခဲ့ပြီး အဆိုပါပွဲကတဆင့် သင်ခန်းစာယူခဲ့ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာအတွင်း ကစားခဲ့တုန်းက အာဆင်နယ်တို့ ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အဆိုပါပွဲဟာ အာဆင်နယ်အတွက် ဒီရာသီမှာ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ပြီး သူတို့အနေနဲ့ အဲ့ဒီပွဲကနေ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ ချဲလ်ဆီးကို အနိုင်ရတဲ့ပွဲအပြီးမှာ ရမ်စ်ဒေးလ်က ပြောကြားလာပါတယ်။ ရမ်စ်ဒေးလ်က “ယူနိုက်တက်ကိုရှုံးခဲ့တဲ့ပွဲက ကျနော်တို့အတွက် အကောင်းဆုံး ပြန်လည်အစပြုမှုတခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ကျနော်တို့က အထိမခံတဲ့အသင်းတသင်းမဖြစ်သေးဘူးဆိုတာကို ပြသခဲ့ပါတယ်၊ ကျနော်တို့ အမှတ်ပေးဇယားရဲ့ ဘယ်နေရာမှာပဲရှိနေပါစေဦးပေါ့”
“ကျနော်တို့ အလုပ်တွေ အများကြီးလုပ်ဖို့ လိုအပ်ခဲ့ပြီး အဲ့ဒီပွဲရလဒ်ကြောင့် အခုချိန်မှာ ကျနော်တို့ ကောင်းမွန်လာခဲ့ပါပြီ။ ဒီပွဲကို ကျနော်တို့ ပြန်အမှတ်ရပါတယ်။ အဲ့ဒီပွဲမှာ ကျနော်တို့ မရှုံးချင်ခဲ့တာ မှန်တာပေါ့။ ဒါကို ခင်ဗျားတို့လည်း စာရွက်ပေါ်က အချက်အလက်မှတ်တမ်းတွေအရ သေချာပေါက် သိမှာပါ။ ဒါပေမယ့် ဒီရှုံးပွဲက ကောင်းမွန်တဲ့အချိန်မှာ ရောက်လာခဲ့ပြီး ကျနော်တို့ အဲ့ဒီပွဲကနေ တကယ်ကို ကောင်းကောင်းကြီး ပြန်လာနိုင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကလည်း ရမ်စ်ဒေးလ်ရဲ့ ပြောစကားကို အခုလိုပဲ ထောက်ခံခဲ့ပါတယ်။ “ကျနော်တို့ ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲမှာ စည်းနဲ့ကမ်းနဲ့ ကစားနိုင်စွမ်း ပျောက်ဆုံးခဲ့ပါတယ်။ ကျနော့်အထင် အဲ့ဒီပွဲကနေ ကျနော်တို့ ကောင်းကောင်းကြီး သင်ခန်းစာယူနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အဲ့ဒီပွဲမှာ ပုံစံကောင်းပြခဲ့ပေမယ့် ရလဒ်ကောင်းမရခဲ့ဘူးလေ” လို့ အာတီတာက ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲအပါအဝင် ဒီရာသီ ပရီးမီးယားလိဂ်မှာ အမှတ်လျော့ခဲ့တာက နှစ်ပွဲပဲရှိခဲ့ပါတယ်။ ကျန်တပွဲကတော့ ဆောက်သမ်တန်ကို အဝေးကွင်းမှာ သရေကျခဲ့တာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အာဆင်နယ်က မန်စီးတီးထက် (၂) မှတ်အသာရကာ အဆင့် (၁) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။