ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ်တူဟယ်လ်ဟာ အော့စ်ဘတ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်ကို ဒေါသပေါက်ကွဲခဲ့ပါတယ်။ အဆိုပါ သတင်းထောက်က ဘိုင်ယန်မြူးနစ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်တို့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ နံပါတ် (၆) နေရာအတွက် ကစားသမားသစ် ခေါ်ယူဦးမလားဆိုတဲ့အပေါ် တူဟယ်လ်က “ခင်ဗျားတို့က မီးမရှိတဲ့နေရာမှာ မီးအပေါ်ကို ဆီလောင်းသလို လောင်းချင်နေကြတာပဲ။ ကျွန်တော့်အမြင်မှာတော့ အသင်းက ဘာပြဿနာမှ မရှိပါဘူး”
“ကျွန်တော်တို့ အသင်းမှာ နံပါတ် (၆) နေရာအတွက် ကစားသမားသုံးယောက်ရှိပြီး ရာသီခရီးရှည်ကို ဖြတ်သန်းရမှာပါ” လို့ ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ တူဟယ်လ်ပြောခဲ့တဲ့ ကစားသမား (၃) ယောက်ထဲမှာ လူငယ်ကြယ်ပွင့်လေး အလက်ခ်ပါလိုဗစ်လည်း ပါဝင်နေပြီး သတင်းထောက်ကတော့ တူဟယ်လ်ကို အလျှော့ပေးခဲ့ခြင်းမရှိပါဘူး။
အဆိုပါ သတင်းထောက်က “ဒီအကြောင်းကို နောက်တစ်ကြိမ် ထပ်ဆွေးနွေးရလိမ့်ဦးမလား” လို့ မေးခွန်းထုတ်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ကွင်းလယ်နေရာအတွက် ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။
ဒါပေမယ့်လည်း တွမ်မီနေးအတွက်တော့ အသင်းတွင်း ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နေဆဲသာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂရာဗင်ဘာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေက မကြာခဏ ဖော်ပြထားပါတယ်။