ယူနိုက်တက် ကစားသမား (၈) ယောက်ဟာ ဆိုးလ်ရှားရဲ့ ကတိမတည်မှုအပေါ် စိတ်ပျက်နေပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေကြားထဲ ဆိုးလ်ရှားရဲ့အနေအထားကိုပါ ဖိအားတွေရှိနေတာပါ။
ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဗန်ဒီဘိခ်၊ အဲလက်စ်တဲလက်စ်၊ လင်ဂတ်၊ မာစီရယ်လ်၊ မာတာ၊ ဒင်းဟန်ဒါဆန်၊ အဲရစ်ဘာယီ၊ ဒါလော့တို့ဟာ ပွဲထွက်ကစားခွင့် ပိုမိုရရှိလိုပြီး ဒီအတွက်လည်း ဆိုးလ်ရှားကိုယ်တိုင်က အာမခံချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော အနေအထားတွေအရတော့ ဒီကစားသမား (၈) ယောက်အတွက် ဘာမှထူးခြားလာတာမရှိဘဲ ပြီးခဲ့တဲ့ရာသီနဲ့ နှိုင်းယှဥ်လိုက်ရင် ကွာခြားချက်များများစားစားမရှိဘူးလို့ ကစားသမားတွေက ယုံကြည်နေတာပါ။
ယူနိုက်တက်အဝတ်လဲခန်းတွင်း အဓိကစီနီယာကစားသမားတွေကြားထဲမှာ ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေရှိနေပြီး လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြနေတဲ့ ဗန်ဒီဘိခ်လို ကစားသမားမျိုးကို ပွဲထွက်ခွင့်မပေးတဲ့အပေါ်မှာလည်း ကစားသမားတွေက အံ့အားသင့်နေရပါတယ်။
ဒါ့အပြင် လက်စတာကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကသက်သာခါစ မက်ဂွိုင်းရားကို လေ့ကျင့်ခန်း (၁) ခါဆင်းပြီးချိန်မှာတင် ပွဲထွက်ကစားသမားစာရင်းမှာ ထည့်သွင်းခဲ့တာကြောင့် နောက်ခံလူ အဲရစ်ဘာယီက ဆိုးလ်ရှားကို တိုက်ရိုက်မေးခွန်းထုတ်ခဲ့သေးတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် အေဂျက်စ်ကခေါ်ထားတဲ့ ဗန်ဒီဘိခ်ကို ဆိုးလ်ရှားက ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ အရံခုံမှာသာ ထိုင်ခိုင်းထားပြီး ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းကို အငှားနဲ့ သွားကစားခဲ့တဲ့ လင်ဂတ်ကလည်း ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာပါ။ ဗန်ဒီဘိခ်ကို အဲဗာတန်၊ လင်ဂတ်ကို ဝက်စ်ဟမ်းတို့က ပြီးခဲ့တဲ့နွေရာသီမှာ အသည်းအသန်ခေါ်ယူချင်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ကစားသမားတွေကို ပွဲထွက်ခွင့်နဲ့ စည်းရုံးပြီး အသင်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာလည်း ဆိုးလ်ရှားက ကစားသမားတွေကို လုံလောက်တဲ့ပွဲထွက်ခွင့်နဲ့ အခွင့်အရေးတွေမပေးနိုင်တာကြောင့် ဒီကစားသမားတွေက စိတ်ပျက်နေပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။