ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိ ဒီစီယူနိုက်တက်မှာလည်း နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဝိန်းရွန်းနီက လင်ဂတ်ကို ခေါ်ယူမယ့် သတင်းတွေအပေါ် ပြတ်ပြတ်သားသား ငြင်းဆန်သွားခဲ့ပါတယ်။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ဖြစ်နေတာပါ။
သူ့ကို ခေါ်ယူဖို့အတွက် မေဂျာလိဂ်အသင်းတွေဘက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လင်ဂတ်နဲ့အတူ ယူနိုက်တက်နဲ့ အင်္ဂလန်တို့မှာ တွဲကစားခဲ့ဖူးတဲ့ ရွန်းနီရဲ့ ဒီစီယူနိုက်တက်လည်း ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရွန်းနီက “လင်ဂတ်နဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေလား? အဲ့ဒီလိုမျိုး သတင်းတွေ ဘယ်ကနေ ထွက်လာသလဲဆိုတာတောင် ကျွန်တော် မသိပါဘူး။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ လင်ဂတ်ကို ခေါ်ယူဖို့အတွက် ကျွန်တော် စိတ်မဝင်စားပါဘူး” လို့ ပြတ်ပြတ်သားသားပဲ ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။
လင်ဂတ်ဟာ လက်ရှိအချိန်အထိ အသင်းသစ်ကို ရှာဖွေနေဆဲဖြစ်ပြီး ဥရောပက ကလပ်အသင်းတစ်သင်းကိုပဲ ရောက်ရှိသွားနိုင်ဖွယ်ရှိပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့ဖူးတဲ့ အသက် (၃၀) အရွယ် လင်ဂတ်က ယူနိုက်တက် ပရိသတ်တွေ အကြီးအကျယ် မျှော်လင့်ခဲ့ဖူးတဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့ပေမယ့် သူ့ရဲ့ ကွင်းပြင်ပနေထိုင်မှုပုံစံတွေက ကွင်းတွင်း စွမ်းဆောင်ရည်ထက် ပိုမိုလွှမ်းမိုးခဲ့ပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်ကစားသမားဘဝမှာ လက်စတာ၊ ဘာမင်ဂမ်၊ ဘရိုက်တန်၊ ဒါဘီကောင်တီနဲ့ ဝက်စ်ဟမ်းတို့မှာ အငှားနဲ့ ကစားခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ သူ့ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့အသင်းရှိတယ်ဆိုတဲ့ သတင်းတောင် မထွက်ပေါ်တော့ဘဲ လင်ဂတ်တစ်ယောက် လာမယ့်ရာသီအတွက် အသင်းသစ်ကို အချိန်မီ ရှာဖွေနိုင်ပါ့မလား စိုးရိမ်စရာဖြစ်နေပါတယ်။