မက်ဂွိုင်းရားဟာ မကြာခင်ကပဲ ယူနိုက်တက် အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးလိုက်ရပြီး တန်ဟက်ခ်ကိုယ်တိုင်က ဒီရာထူးကို ရုပ်သိမ်းလိုက်တယ်လို့ မက်ဂွိုင်းရားက ဖွင့်ဟခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ တန်ဟက်ခ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်၊ ရှော့ခ်ရ၊ စိတ်ပျက်ခဲ့ရပြီး လက်ရှိမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိအချိန်အထိတော့ ယူနိုက်တက်တို့ အသင်းခေါင်းဆောင်အသစ် မခန့်အပ်ရသေးပေမယ့် ဒီနေရာကို ဘရူနိုဖာနန်ဒက်စ်ကပဲ ရယူသွားဖို့ ရေပန်းစားနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ပွဲစဥ်အများစုမှာ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
မက်ဂွိုင်းရားနဲ့ပတ်သက်လို့တော့ ယူနိုက်တက် ကစားသမားတွေကလည်း အရင်ကတည်းက သူ့ကို အသင်းခေါင်းဆောင်အဖြစ် အလိုမရှိခဲ့ကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက် အသင်းခေါင်းဆောင်ရာထူးကို ရရှိခဲ့သူဖြစ်ပြီး သူ့ရဲ့ဆိုးရွားတဲ့ ခြေစွမ်းကြောင့် အမြဲတမ်းလိုလို ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မန်ချက်စတာညနေခင်း သတင်းထောက် ဆမ်မြူရယ်လက်ခ်ဟာ့စ်ကလည်း “တန်ဟက်ခ်အနေနဲ့ အသင်းခေါင်းဆောင်နေရာကို အပြောင်းအလဲလုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က သူ့ကို အသင်းကနေထွက်ခွာဖို့ လမ်းဖွင့်ပေးထားလို့ပါ။ သူက ဆိုးလ်ရှားလက်ထက်မှာ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး အသင်းဖော်အများအပြားက သူ့ကို အသင်းခေါင်းဆောင်အဖြစ် အလိုမရှိခဲ့ပါဘူး”
“ဒါပေမယ့် အနည်းဆုံးတော့ သူက အခြားကစားသမားတွေလို မဟုတ်ဘဲ ယူနိုက်တက်မှာ သူ့ရဲ့ကျဆင်းမှုတွေကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်ခဲ့ပါတယ်။ တန်ဟက်ခ်ကတော့ ယူနိုက်တက်နည်းပြအဖြစ် တစ်လပြီးတစ်လ သန်မာလာခဲ့ပါတယ်။ သူက အသင်းရဲ့ ဂန္တဝင်နှစ်ယောက်ကို ရှင်းထုတ်ခဲ့တယ်၊ ဆယ်ကျော်သက်တစ်ယောက်ကို စည်းကမ်းပိုင်းပြင်ပေးခဲ့တယ်၊ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကိုလည်း ခေါက်ထားခဲ့ပြီး အခုတော့ အသင်းခေါင်းဆောင်ရာထူးကိုပါ ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ဆုံးဖြတ်ချက်တိုင်းကလည်း မှန်ကန်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆက်စပ်သတင်းတစ်ပုဒ်အနေနဲ့ မက်ဂွိုင်းရားကို ခေါ်ယူဖို့ ဝက်စ်ဟမ်းက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။