လီဗာပူးနဲ့တွေ့မယ့်ပွဲမှာ ကစားသမားတွေကို လူစာရင်းကိုယ်တိုင်ရွေးခိုင်းနေတာပါ။

အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ပီတာခရော့ချ်က ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်အနေနဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲလူစာရင်းအတွက် ကစားသမားတွေကို ကိုယ်တိုင်ရွေးချယ်ခိုင်းသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ကစားသမားတွေကြားထဲ အုပ်စုဖွဲ့၊ ဂိုဏ်းကွဲမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။



ဒါ့အပြင် ယူနိုက်တက်ကစားသမားတွေက ယခင်နည်းပြဟောင်း ရန်းနစ်ဂ်ရဲ့ နည်းစနစ်ကို မလေးစားတဲ့အပြင် နည်းပြအဖွဲ့ဝင်တွေကိုလည်း အထင်မကြီးခဲ့ဘူးလို့ သိရှိရပါတယ်။ အဲ့ဒါကြောင့်ပဲ ပီတာခရော့ချ်က တန်ဟက်ခ်ကို အခုလိုပဲ အကြံပေးလာခဲ့ပါတယ်။

ပီတာခရော့ချ်က “အဲရစ်တန်ဟက်ခ်အနေနဲ့ ကစားသမားတွေကို ဒီလိုမျိုး အသင်းလူစာရင်းကို ကိုယ်တိုင်ရွေးချယ်ခိုင်းသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ကစားသမားတွေ ထည့်ချင်တဲ့သူကို ထည့်ခိုင်း၊ ကစားချင်တဲ့ ကစားကွက်ကိုတည်ဆောက်၊ အသင်းလိုက်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို အတူတူချမှတ်ကြပေါ့။ ဒါက အသင်းကို ရင်းနှီးမှုရလာစေမယ်လို့ထင်ပါတယ်”

“တန်ဟက်ခ်အနေနဲ့လည်း ဒီကတဆင့် အကျိုးကျေးဇူးရမှာပါ။ ဒါက အလုပ်ဖြစ်မှာပါ။ တခုရှိတာက ခင်ဗျားအနေနဲ့ နည်းပြတယောက်ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ဆုံးရှုံးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။ တန်ဟက်ခ်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကစားမယ့် လီဗာပူးနဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် ရာသီကြိုပြင်ဆင်မှုတွေကို လာမယ့် ဇွန် (၂၇) တည်းက စတင်မယ်လို့ တန်ဟက်ခ်က ကစားသမားတွေကို အသိပေးထားပြီး လီဗာပူးနဲ့တော့ ဇူလိုင် (၁၂) မှာ ကစားရမှာပါ။ အဲ့ဒီနောက် ဇူလိုင် (၁၅) နဲ့ (၁၉) တို့မှာ မဲလ်ဘုန်းဗစ်ထရီ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ သြစတြေးလျနိုင်ငံမှာ ကစားသွားမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က