သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက်မှာ သူက ပိုကောင်းတဲ့သူ တဦးဖြစ်လာပြီလို့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ပီယာ့စ်မော်ဂန်နဲ့ ​ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအပြီးမှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ကြားတင်းမာမှုတွေရှိခဲ့ပြီးနောက် လမ်းခွဲတဲ့အထိဖြစ်ခဲ့ကာ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့ကြတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးကာလတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲကစားခွင့်လည်းနည်းပါးခဲ့ပါတယ်။ အဲရစ်တန်ဟက်ဂျ်လက်အောက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ပြီး စပါးနဲ့ပွဲမှာ လူစားဝင်ဖို့ကို ငြင်းဆန်ခဲ့သလို နည်းပြနဲ့ ဂလေဇာမိသားစုကိုလည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပြီး ဆော်ဒီကလပ်အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

ဆော်ဒီလိဂ်မှာ ၈ပွဲကစားပြီး ၉ ဂိုးသွင်းထားတဲ့ ရော်နယ်ဒိုက ပေါ်တူဂီရဲ့ နိုင်ငံတကာပွဲတွေကို ကစားပေးဖို့အတွက် ပြန်လည်ရောက်ရှိနေတာပါ။ သတင်းစာရှင်းလင်းပွဲမှာသူက "တခါတလေမှာ ကိုယ့်ဘက်မှာ ဘယ်သူတွေရှိလဲဆိုတာကို သိနိုင်ဖို့ တချို့အရာတွေကို ဖြတ်သန်းရပါတယ်၊ ကျနော့်မှာ ဆိုးရွားတဲ့ ကစားသမားဘ၀တခုကို ဖြတ်သန်းခဲ့တယ်၊ ဒါကိုပြောဖို့ ကျနော့်မှာ ဘာပြသနာမှမရှိဘူး"

"ဒါပေမယ့် အဲဒီအတွက် နောင်တရဖို့ အချိန်မရှိပါဘူး၊ ဘ၀က ဆက်ပြီးတော့ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒါက ကျနော့်ကြီးထွားမှုရဲ့ တစိတ်တပိုင်းပါပဲ၊ ကျနော်တို့ တောင်ထိပ်ပေါ်ကို ရောက်နေတဲ့အချိန်မှာဆိုရင် အောက်ခြေက အရာကို မမြင်ရဘူးလေ၊ အခုဆိုရင် ကျနော် ပြီးခဲ့တဲ့လအနည်းငယ်ကလိုမျိုးကို တခါမှမကြုံခဲဖူးတဲ့အတွက် အရေးကြီးတဲ့ သင်ယူမှုတွေကို ပိုလုပ်ဖြစ်တယ်၊ အခု ကျနော်က ပိုကောင်းတဲ့သူတယောက်ပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ ယူရိုခြေစစ်ပွဲတွေအဖြစ် လူဇင်ဘတ်၊ လက်ချင်စတိန်းတို့နဲ့ ကစားရမှာဖြစ်ပြီး နည်းပြသစ်မာတီနက်ဇ်ရဲ့ ပွဲဦးထွက်ပွဲစဉ်တွေဖြစ်လာမှာပါ။ ရော်နယ်ဒိုကို သူက ပြန်လည်ရွေးချယ်ထားပြီး အသင်းခေါင်းဆောင်ရာထူးကို ဆက်လက်ပေးသွားဖို့လည်းရှိနေပါတယ်။ 

Share

Loading Next Article...
က္က