လာပေါ်တာနဲ့ စူပါအေးဂျင့်တို့ တွေ့ဆုံပြီးနောက် သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာနဲ့ စူပါအေးဂျင့် မီနို ရွိုင်းအိုလာတို့ကြား တွေ့ဆုံခဲ့ပြီးနောက် အပြောင်းအရွှေ့ကောလာဟလသတင်းတွေက ပလူပျံလာခဲ့တာဖြစ်ပါတယ်။

အသင်းတိုင်းရဲ့ နံပါတ် ၁ ပစ်မှတ်ဟာ အာလင်း ဟာလန်းဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဒေါ့မွန်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်မှာ အသင်းတွေအများစုရဲ့ အလိုချင်ဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇာဗီ ဆိုင်မွန်၊ နူဆီရာ မက်ဇ်ရာဝီနဲ့ ပေါ့ဂ်ဘာတို့လိုမျိုး တခြားကစားသမားတွေကလည်း အပြောင်းအရွှေ့ပြုလုပ်နိုင်ခြေရှိတဲ့ ကစားသမားတွေအဖြစ် ရှိနေပြီး နောက်ဆုံးထွက်ပေါ်လာတဲ့ ကောလာဟလကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပြင်သစ်ကွင်းလယ်ကစားသမားတို့နဲ့ သက်ဆိုင်တဲ့သတင်း ဖြစ်လာခဲ့ပါတယ်။



အတိအကျပြောရမယ်ဆိုရင် ဘာစီလိုနာနည်းပြဖြစ်တဲ့ ဇာဗီဟာ ပေ့ါဂ်ဘာရဲ့ အပြောင်းအရွှေ့ကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူသွားမှာလား၊ မခေါ်ယူဘူးလားဆိုတာကို အကဲခတ်ဖို့ ခက်ပေမယ့် ကောလာဟလတွေရဲ့အဆိုအရ ဇာဗီဟာ အပြောင်းအရွှေ့ အကောင်အထည်ပေါ်လာဖို့ကို ပိုမိုခက်ခဲအောင်တောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရွိုင်းအိုလာက ပေါ့ဂ်ဘာကို ကတ်တလန်ထိပ်သီးအသင်းကြီးဆီ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲဒီလို သတင်းတွေထွက်ပေါ်ခဲ့တာကလည်း ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ ပြင်သစ်ကွင်းလယ်ကစားသမားဟာ အရင်တုန်းကလည်း နူးကမ့်ကို ပြောင်းရွှေ့ဖို့ အကြိမ်ကြိမ်သတင်းထွက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ဂျူဗင်တပ်အသင်းမှာ ပေါ့ဂ်ဘာ ကစားနေတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာက ၂၀၁၅ ခုနှစ်မှာ ဥက္ကဌ ရာထူးမရရှိခဲ့တဲ့ အဓိကအချက်တွေထဲက တစ်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ကတ်တလန်အသင်းကို သွေးသစ်လောင်းနိုင်အောင် ကူညီဖို့အတွက် မတူညီတဲ့ ကွင်းလယ်ကစားသမားမျိုးကို ခေါ်ယူသွားဖို့ အဓိကထားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Share

က္က