ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းရားက ယူနိုက်တက်အနေနဲ့ ဘယ်လင်ဟမ်လက်သစ်ကို ရရှိလိုက်ပြီဖြစ်ကြောင်း ပြောကြားရင်း ကိုဘီမိုင်နူးကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ မိုင်နူးဟာ ဒီရာသီမှ ယူနိုက်တက်အသင်းကြီးမှာ ဆက်တိုက် ပါဝင်ကစားခွင့်ရခဲ့တာပါ။
အသက် (၁၈) နှစ်အရွယ် ဒီကွင်းလယ်ကစားသမားလေးက အစောပိုင်းမှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့အဖွဲ့က သူ့ကို အသင်းမှာ ခေါ်ယူခဲ့ပြီး ဒါက မိုင်နူးအတွက် ကစားသမားဘဝမှ ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာပါ။
မိုင်နူးရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့လည်း အားလုံးက ချီးကျူးပြောဆိုနေကြပြီး မက်ဂွိုင်းရားကပါ မိုင်နူးကို ဘယ်လင်ဟမ်လက်သစ်အဖြစ် တင်စားပြောဆိုခဲ့တာပါ။ မက်ဂွိုင်းရားက “မိုင်နူးက ဘာကြောင့် ယူရိုပြိုင်ပွဲမှာ မပါဝင်နိုင်ရမှာလဲ။ သူတို့လို လူငယ်ကစားသမားတွေအတွက် ဒီလိုပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားဖို့က ကြီးမားတဲ့ အတွေ့အကြုံတစ်ခုပါ”
“တစ်ခါတလေဆိုရင် သူတို့က အကြောက်အလန့်မရှိ ကစားနိုင်ပြီး ဒီပုံစံအတိုင်း ရှေ့ဆက်နိုင်ပါတယ်။ မိုင်နူးနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိပါဘူး။ သူက (၁၈) နှစ်ပဲရှိသေးပေမယ့် အရမ်းကို ရင့်ကျက်ပြီး ဘယ်လင်ဟမ်နဲ့တောင် တူပါသေးတယ်။ အခု သူ့မှာ ရင့်ကျက်တဲ့ အတွေးအခေါ်ရှိနေပါပြီ။ မိုင်နူးကို ကျွန်တော် ဘာမှမစိုးရိမ်ပါဘူး”
“သူ လေ့ကျင့်ခန်းဆင်းတာကို ကျွန်တော် နေ့တဓူဝ မြင်တွေ့နေတာပါ။ သူက အလုပ်လည်း ကြိုးစားပါတယ်။ သူ အင်္ဂလန်မှာ အရွေးခံရတာကို ကျွန်တော် ဂုဏ်ပြုခဲ့ပြီး ထိုက်တန်ကြောင်းလည်း ပြောကြားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။