အာဆင်နယ်ကစားသမားဟောင်းကြီး အီမန်နျူရယ်ပီတစ်က မက်ဂွိုင်းရားအနေနဲ့ ယူနိုက်တက်မှာ ဒါမျိုး အချိန်ကုန်မခံဘဲ ချဲလ်ဆီးကို ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ မက်ဂွိုင်းရားဟာ ဒီကနေ့ညအစောပိုင်းက ဆောက်သမ်တန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း အရံခုံမှာသာ ထိုင်နေခဲ့ရပါတယ်။
မက်ဂွိုင်းရားအတွက် နှစ်ပွဲဆက်တိုက် အရံခုံထိုင်ရတာဖြစ်ပြီး နည်းပြ တန်ဟက်ခ်ကိုယ်တိုင်ကလည်း မက်ဂွိုင်းရားအနေနဲ့ အသင်းခေါင်းဆောင်ဆိုတိုင်း အမြဲတမ်းကစားခွင့်မရရှိနိုင်ကြောင်းနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်နောက်တန်းက ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့က လီဗာပူး၊ ဆောက်သမ်တန်တို့နဲ့ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း မက်ဂွိုင်းရားအတွက်ကတော့ ကမ္ဘာ့ဖလားနီးလာချိန်မှာ ရုန်းကန်ရဖို့ရှိနေပြီး ပီတစ်က အခုလိုပဲ အကြံဥာဏ်ပေးခဲ့ပါတယ်။ ပီတစ်က “ကျနော်သာ မက်ဂွိုင်းရားဆိုရင် စိတ်မလုံခြုံမှုတွေနဲ့ အခက်အခဲတွေကြားထဲမှာ ရောက်နေပါပြီ။ ကပ္ပတိန်လက်ပတ်လည်း ဆုံးရှုံးလိုက်ရတယ်၊ အခုထက် ပိုပြီးတော့လည်း အသင်းခေါင်းဆောင် မဟုတ်တော့ပြန်ဘူး”
“ပွဲထွက်ခွင့်လည်း ဆုံးရှုံးပြီး အရံခုံမှာပါ ထိုင်နေရပါပြီ။ ကျနော် မက်ဂွိုင်းရားကိုကြည့်လိုက်တိုင်း ‘ဒီလူက စိတ်ပိုင်းဆိုင်ရာအရ ပျက်စီးသွားပြီ’ လို့ တွေးနေမိပါတယ်။ သူ ယူနိုက်တက်မှာ ဒီ့ထက်ပိုပြီး ဆက်နေဖို့ မဖြစ်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို သူချမှတ်ရမှာပါ”
“တကယ်လို့ သူသာ ချဲလ်ဆီးအတွက် ကစားပေးချင်တယ်ဆိုရင် ဒါက သူ့အတွက် ကောင်းပါတယ်။ သူ ချဲလ်ဆီးမှာဆိုရင် ပွဲကစားခွင့်ရရှိမှာပါ။ သီယာဂိုဆေးလ်ဗားလည်း အသက်ကြီးနေပြီး ဒါက ချဲလ်ဆီးအတွက်ရော၊ မက်ဂွိုင်းရားအတွက်ရော အကျိုးရှိပါတယ်။ ကျနော်သာ မက်ဂွိုင်းရားဆိုရင် ယူနိုက်တက်ကနေ ထွက်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားကတော့ ယူနိုက်တက်ကနေ မထွက်ခွာလိုဘဲ ချဲလ်ဆီးကလည်း လက်စတာဗဟိုနောက်ခံလူ ဖိုဖာနာကိုခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။