မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုက်စ်လန်းကတော့ ညက ကိုပင်ဟေဂင်နဲ့ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် သူဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိက်တက်ကတော့ အုပ်စုအဆင့်က လွတ်မြောက်ဖို့အတွက် ရုန်းကန်ရမှာဖြစ်ပြီး ယူရိုပါလိဂ်နေရာအတွက်တောင် မသေချာတဲ့ အနေအထားဖြစ်နေလို့ ဟွိုက်စ်လန်းရဲ့ သွင်းဂိုးတွေက အချည်းနှိးသာ ဖြစ်နေခဲ့ရပါပြိ။
ဒီရာသီချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဟွိုက်စ်လန်းက ရပ်တည်နိုင်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ သွင်းဂိုးလုံး၀မရသေးပေမယ့် ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့ပါ ရပ်တည်နေတာပါ။ သူ့ကိုခေါ်ယူခဲ့တာက ယူနိုက်တက်အတွက် မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့်လည်း အသင်းရလဒ်တွေဆိုးရွားနေမှုက ဟွိုက်စ်လန်းရဲ့ ခြေစွမ်းနဲ့ သွင်းဂိုးတွေကိုပါ ကွယ်ဝှက်သလိုဖြစ်နေခဲ့ရပါတယ်။
အသင်းဖော်တွေဆီက လုံလောက်တဲ့ ပံ့ပိုးမှုတွေကို မရရှိဘဲဖြစ်နေတဲ့ ဟွိုက်စ်လန်းက အခွင့်အရေးရရင် ဂိုးသွင်းနိုင်တယ်ဆိုတာကို ချန်ပီယံလိဂ်မှာ ပြသနေတာလည်းဖြစ်ပါတယ်။ အခုတော့ သူ့ကို ကံဆိုးတဲ့ တိုက်စစ်မှူးလို့ အားလုံးက သတ်မှတ်နေပြီး အသင်းကသာ နိုင်ပွဲတွေ ရနေမယ်ဆိုရင် သူ့နာမည်က ပိုမိုကျော်ကြားခဲ့မှာလို့လည်း မှတ်ချက်ပြုနေကြပါတယ်။ ဟွိုက်စ်လန်းဟာ ပရီးမီးယားလိဂ်မှာ အသင်းဖော်တွေဆီကနေ အခွင့်အရေးဖန်တီးပေးမှုမရတာ မိနစ်ပေါင်း ၁၀၀ ကျော်အထိ ရှိနေပြီလည်းဖြစ်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်မှာတော့ ပိုမိုခြေစွမ်းကောင်းမွန်နေပြီး ၄ပွဲကစားပြီး ၅ဂိုးအထိ ရရှိထားခဲ့တာပါ။ သူ့ရဲ့ ငယ်ဘ၀အိပ်မက်အသင်းမှာ ကစားချင်လို့ ပြောင်းရွှေ့လာခဲ့ပြီး ပုံမှန်ကစားခွင့်လည်းရရှိနေပေမယ့် သူ့ကို ပံ့ပိုးပေးမယ့် အသင်းဖော်တွေက ခြေစွမ်းမပြနိုင်လို့ သူပါ သွယ်ဝိုက်သောအားဖြင့် ထိခိုက်နေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ပြသထားတဲ့ ခြေစွမ်းအရတော့ သူက ယူနိုက်တက်အတွက် အားကိုးရမယ့် ကစားသမားဆိုတာ ငြင်းမရနိုင်ဘူးလို့လည်း ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။