ယူနိုက်တက်ဟာ လက်ရှိနွေရာသီအတွက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ချဲလ်ဆီးကနေ မေဆင်မောင့််ကို ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားဟာ တန်ဟက်ခ်စိတ်ကြိုက် ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို တန်ဟက်ခ်က ကွင်းလယ် နံပါတ် (၈) နေရာမှာ အသုံးပြုသွားမယ်လို့ ထွက်ပေါ်လာတဲ့ လေ့ကျင့်ရေးကွင်းက ဗီဒီယိုတွေအရ သိရှိရပါတယ်။
ဒါကိုတော့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာဖြစ်ပြီး လက်ရှိ တန်ဟက်ခ် တည်ထားတဲ့ ကစားကွက်အရလည်း အဆိုပါနေရာက မေဆင်မောင့်အတွက် အသင့်တော်ဆုံးနေရာတစ်ခုလို့ သုံးသပ်ရမှာပါ။ မေဆင်မောင့်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုတွေမှာ ပူးပေါင်းပါဝင်နေပြီး အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဥ်တွေမှာလည်း လိုက်ပါသွားမှာဖြစ်ပါတယ်။
ပရိသတ်တစ်ယောက်က “မေဆင်မောင့်က ကွင်းလယ်လူ (၃) ယောက်တန်းမှာ ညာဘက်အစွန်ကနေ နေရာယူ ကစားနေပါတယ်။ သူနဲ့ဆိုရင် ဆန်ချိုက ပိုပြီး ထက်မြက်လာမှာပါ” လို့ သုံးသပ်ခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ် (၃) ယောက်တန်းမှာ အဓိက,ကစားသမားတွေအဖြစ် ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်နဲ့ အဲရစ်ဆင်တို့က တာဝန်ယူထားပါတယ်။
ဒါပေမယ့် အဲရစ်ဆင်ရဲ့နေရာကို တန်ဟက်ခ်က ဖြည်းဖြည်းချင်း အစားထိုးဖို့ ပြင်ဆင်နေပြီး လာမယ့်ရာသီသစ်မှာ ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်နဲ့ မေဆင်မောင့်တို့ရဲ့ ကွင်းလယ်အတွဲကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဒါ့အပြင် မေဆင်မောင့်ဟာ တိုက်စစ် (၃) ယောက်တန်းက တောင်ပံနေရာတွေမှာလည်း ကစားနိုင်စွမ်းရှိတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။
မေဆင်မောင့်တစ်ယောက် ဒါမျိုး ကစားနိုင်တယ်ဆိုတာကို အသင်းဟောင်း ချဲလ်ဆီးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့မှာလည်း မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း တန်ဟက်ခ်အတွက်တော့ မေဆင်မောင့်ကို ရလိုက်တာက အသင်းရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းအတွက် စွယ်စုံအသုံးပြုနိုင်မယ့် ကစားသမားမျိုးကို ရလိုက်တာဖြစ်တယ်လို့ သုံးသပ်ရမှာပါ။