ဖူလ်ဟမ်မှာ ကစားနေတဲ့ ဘရာဇီးလ်ကစားသမား ဝီလီယံက တကယ်လို့သာ နေမာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ခြေစွမ်းပြအောင်မြင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝီလီယံက သူ့ရဲ့ ဘရာဇီးလ်အသင်းဖော်ဟောင်းအတွက် ယူနိုက်တက်က အသင့်တော်ဆုံးအသင်းဖြစ်တယ်လို့လည်း ထောက်ခံခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် နေမာဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၇၃ ပွဲမှာ ၁၁၈ ဂိုးသွင်းပြီး ၇၇ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ နေမာက ဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန်တွေများခဲ့ပြီး အသင်းပရိသတ်တွေကလည်း သူ့အိမ်ရှေ့ထိ ရောက်လာကာ အသင်းကထွက်ခွာသွားဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့တာကြောင့် ပဲရစ်ကို စွန့်ခွာဖို့ နီးစပ်နေသူလည်း ဖြစ်ပါတယ်။
ဝီလီယံက "နေမာပိုင်ဆိုင်ထားတဲ့ အရည်အသွေးက ဘယ်နေရာမဆို ခြေစွမ်းပြနိုင်မှာပါ၊ ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုသွားသွား သူက အလွယ်တကူပဲ ခြေစွမ်းပြနိုင်ပါလိမ့်မယ်၊ ပရီးမီးယားလိဂ်မှာ သူကစားတာကို မြင်တွေ့ရမယ်ဆိုရင်တော့ တကယ်မိုက်မယ်ဗျာ၊ သူက ဘယ်ကိုပဲသွားသွား အရည်အချင်းအပြည့်ရှိလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ လှပတဲ့ကစားဟန်ကို သူ ကစားနိုင်မယ်ဆိုတာ သူ သိပါတယ်"
"သူ့အရည်အသွေးကြောင့်လည်း ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို နေရာတနေရာရှိပြီးသားပါ၊ သူ မန်ချက်စတာယူနိုက်တက်ကို သွားချင်လားဆိုတာကို သိဖို့ပဲ လိုပါတယ်၊ ယူနိုက်တက်က ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပြီး သူ အဲဒီကိုသွားမယ်ဆိုရင် ကြီးမားတဲ့ကလပ်တခုကို ရောက်မှာပါ၊ ဆုဖလားတွေ အများကြီး အင်္ဂလန်မှာ ဆွတ်ခူးထားတဲ့ အသင်းဖြစ်ပြီး လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့နဲ့အတူ အင်္ဂလန်ရဲ့ အခမ်းနားဆုံးအသင်းလို့ သတ်မှတ်ခံထားရတဲ့ အသင်းပါ"
"သူ အင်္ဂလန်ကိုလာမယ်ဆိုရင် ပရီးမီးယားလိဂ်မှာ သူ့ကိုမြင်တွေ့ရတာ အရမ်းကောင်းမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာအတွက် ယူနိုက်တက်ဘက်က တစုံတရာလှုပ်ရှားတာမျိုးတော့ မရှိသေးဘူးလို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ပြောဆိုထားပါတယ်။