ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက သူ့အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ရုပ်သံကင်မရာကို ကြည့်ကာ ပြောဆိုခဲ့တဲ့ စကားနဲ့ ပတ်သက်လို့ ငြင်းဆန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာညမှာ ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
အဲ့ဒီပွဲမှာ ရော်နယ်ဒိုက ရှေ့လယ်နောက် နေရာစုံကို ရွေ့လျားကစားရင်း ခြေစွမ်းပြနိုင်ခဲ့သလို အသင်းအတွက် သွင်းဂိုးတဂိုးကိုလည်း ပင်နယ်တီကတဆင့် သွင်းယူပေးခဲ့ပါသေးတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် ကျန်တဲ့သွင်းဂိုးနှစ်ဂိုးကိုတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ ဗာရန်းတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီ အိုးထရက်ဖို့ဒ် နောက်ဆုံးပွဲလည်းဖြစ်ခဲ့ပြီး လက်ကျန်ပွဲတွေကိုတော့ အဝေးကွင်းမှာသာ ဆက်လက်ရင်ဆိုင်ရတော့မှာပါ။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေက ကွင်းအတွင်းက ပရိသတ်တွေကို လိုက်လံနှုတ်ဆက်ခဲ့ကြပါတယ်။
ဒီအချိန်မှာ ရော်နယ်ဒိုက သူ့ကို ရိုက်ကူးနေတဲ့ ရုပ်သံကင်မရာကိုကြည့်ပြီး “ငါ ဒီမှာမပြီးဆုံးသေးပါဘူး” လို့ ပြောကြားခဲ့ကြောင်း စကိုင်းစပေါ့သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိနေမယ့်သဘောဖြစ်တယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလိုသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ ရော်နယ်ဒိုက သူ ဒီလိုမျိုးမပြောခဲ့ကြောင်း အင်စတာဂရမ်က ကောမန့်မှာဖြေရှင်းခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ပရိသတ်အကောင့်တခုက တင်ထားတဲ့ ဒီအကြောင်းအရာအောက်မှာ ရော်နယ်ဒိုက “ငါ ဒီအကြောင်းကို မပြောခဲ့ပါဘူး” လို့ မှတ်ချက်ဝင်ရေးခဲ့ပါတယ်။
လက်ရှိသုံးသပ်ချက်တွေအရတော့ ရော်နယ်ဒိုပြောသွားတဲ့ “I’m not finished’ နဲ့ “Come on Finish” နဲ့နှစ်ခုမှာ အဓိပ္ပာယ်ကောက်မှားခဲ့ပုံရတယ်လို့ ဆိုနေကြပါတယ်။ ရုပ်သံကင်မရာဟာ အချိန်ပြည့် ရော်နယ်ဒိုကို လိုက်လံရိုက်ကူးနေခဲ့တာကြောင့် ရော်နယ်ဒိုက “ပွဲပြီးသွားပြီ၊ တော်ကြရအောင်” ဆိုတာကို ဟာသသဘောမျိုးနဲ့ ပြောသွားတယ်လို့လည်း ပရိသတ်တွေက သုံးသပ်နေကြပါတယ်။