ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်က သူ့အနေနဲ့ ပီအက်စ်ဂျီ တိုက်စစ်ကြယ်ပွင့် အမ်ဘာပေနဲ့ စကားတွေ အများကြီး ပြောဖြစ်နေကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ လာမယ့်ဆောင်းရာသီမှာ ပီအက်စ်ဂျီကထွက်မယ်လို့ သတင်းထွက်ပေါ်နေပြီး ဒီသတင်းတွေကိုတော့ ပီအက်စ်ဂျီဘက်က ငြင်းဆန်ထားပါတယ်။
မနေ့ညက အမ်ဘာပေရဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာချိန်ကစပြီး ဖာဒီနန်က အမ်ဘာပေအကြောင်းကို သူ့ရဲ့ ဆိုရှယ်မီဒီယာတွေကတဆင့် တင်ခဲ့ပြီး ဒီကစားသမားနဲ့ သူ့အကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း လူသိရှင်ကြား ဖွင့်ဟလာပါတယ်။ ဖာဒီနန်က “အမ်ဘာပေရေ... ငါ့ကို WhatsApp ကနေ မက်ဆေ့ချ်ပို့လိုက်စမ်းပါ” လို့ ရေးသားခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ဖာဒီနန်က “ငါတို့ စကားတွေ အများကြီး ပြောရမှာပါ။ အမ်ဘာပေရေ... ငါနဲ့ စကားလာပြောစမ်းပါ။ ငါမင်းအတွက် အဆင်ပြေအောင် လုပ်ပေးမယ်။ ငါတို့ တယောက်ချင်း စကားပြောဖြစ်မှာပါ။ ငါတို့ နောက်ဆုံးအကြိမ် စကားပြောဖြစ်ခဲ့တုန်းက မင်း အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်နေပြီပဲ။ ဒါက သိပ်ကောင်းပါတယ်။ ငါတို့ ထပ်ပြောနိုင်ပါတယ်”
“ကွင်းထဲမှာ အကောင်းဆုံးပုံစံပြပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တယောက်ဆိုတာကို သက်သေပြလိုက်ပါ။ ငါတို့ ဒါကို မြင်ချင်ပါတယ်” လို့ ဗီဒီယိုနဲ့တကွ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်ဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ “အမ်ဘာပေနဲ့ စကားပြောဖို့ ပဲရစ်မြို့ကို ရောက်ရှိလာပြီ” လို့ဆိုကာ သူ့ရဲ့ဓာတ်ပုံနဲ့တကွ ပရိသတ်တွေကို နောက်ပြောင်မျှဝေခဲ့ပါသေးတယ်။
ဒါ့အပြင် ချက်ချင်းဆိုသလိုပဲ အမ်ဘာပေနဲ့ သူနဲ့ တွေ့ဆုံထားတဲ့ ဗီဒီယိုကို ထပ်တင်ခဲ့ပြီး “အပြောင်းအရွှေ့ ပြီးမြောက်ခဲ့ပါပြီ။ မကြာခင် မန်ချက်စတာမှာဆုံမယ် အမ်ဘာပေ” လို့ ထပ်မံရေးသားခဲ့ပါသေးတယ်။ ဖာဒီနန်ကတော့ ယူနိုက်တက်ရဲ့အပြောင်းအရွှေ့တွေနဲ့ ပတ်သက်လာရင် အမြဲတမ်း အခုလို နောက်ပြောင်လေ့ရှိပြီး ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာချိန်မှာလည်း နောက်ကွယ်က ပါဝင်ပတ်သက်ခဲ့ဖူးသူတယောက်ဖြစ်ပါတယ်။