ဒီနေ့ညမှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲကို ကစားရတော့မှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂ သင်းအဆင့်ပွဲစဉ်မတိုင်ခင်မှာ ဘာစီလိုနာနည်းပြဇာဗီက ပြိုင်ဘက်အသင်းတိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်က အန္တရာယ်အကြီးမားဆုံးကစားသမားလို့ ပြောဆိုလိုက်ပါတယ်။ ဒီနှစ်သင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကို နူးကမ့်မှာ ဒီနေ့ည ကစားမှာဖြစ်ပါတယ်။ 

"ရက်ရှ်ဖို့ဒ်က အန္တရာယ်အများဆုံးတိုက်စစ်မှူးတွေထဲက တဦးပါ၊ သူက အရမ်းမြန်ဆန်တယ်၊ ဘောလုံးနဲ့အတူ ဆွဲပြေးတာမှာလည်း အရမ်းထူးချွန်တယ်၊ တဦးချင်းအနေအထားတွေမှာလည်း သူက ကောင်းမွန်ပြီး အလှည့်အပြောင်းတွေမှာ အရမ်းအန္တရာယ်ကြီးမားတဲ့ ကစားသမားပါ၊ ယူနိုက်တက်ကစားသမားအားလုံးကို ကျနော်တို့ သတိထားသွားမှာပါ၊ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က ဥရောပရဲ့ အန္တရာယ်အများဆုံးကစားသမားတွေထဲက တဦးဆိုတာ သေချာပါတယ်" လို့ ဇာဗီက ပြောခဲ့ပါတယ်။ 

ပြင်ဆင်တည်ဆောက်မှုတွေကို ပြုလုပ်နေရတဲ့ အသင်းနှစ်သင်းဟာ ဒီရာသီမှာတော့ ပုံစံကောင်းတွေရရှိနေကြပါတယ်။ ဘာစီလိုနာက လာလီဂါမှာ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ဦးဆောင်နေပြီး ပေးဂိုး ၇ ဂိုးတည်းသာ ခွင့်ပြုထားရတဲ့အသင်းဖြစ်နေပါတယ်။ ယူနိုက်တက်လည်း ပရီးမီးယားလိဂ်မှာ တတိယနေရာရပ်တည်နေပြီး အမှတ်ပေးဖလားအတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေတဲ့ အသင်းပါ။ 

"နှစ်သင်းစလုံးက အရမ်းကောင်းတဲ့ အခိုက်အတန့်ကို ရောက်နေပါတယ်၊ ယူနိုက်တက်က စွမ်းအားကြီးမားတဲ့အသင်းဖြစ်ပြီး တန်ဟက်ဂျ်လက်အောက်မှာ သူတို့တွေ တိုးတက်လာတာကို မြင်ရမှာပါ။ တိုက်စစ်ပိုင်းလည်း တိုးတက်လာတယ်။ တန်ဟက်ဂျ်က တိုက်စစ်အားသန်နည်းပြတယောက်လို့ ကျနော်ထင်ပါတယ်၊ အခုကစားမယ့်ပွဲမှ ကျနော်တို့ကို သူတို့က အခက်တွေ့အောင် လုပ်နိုင်ပါလိမ့်မယ်"

"ဒုတိယအကျော့ကို အိမ်ကွင်းမှာ မကစားရတာက နည်းနည်းတော့ဆိုးပါတယ်၊ သူတို့ကို အနိုင်ကစားဖို့ဆိုတာက အရမ်းခက်ခဲပါလိမ့်မယ်၊ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲက ဒီပွဲကို အဆုံးအဖြတ်ပေးမှာပါ" လို့ ဇာဗီက ထပ်ပြောခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်မှာတော့ ဘာစီလိုနာက ယူနိုက်တက်ကို အနိုင်ရမယ်လို့ ပိုမိုရေပန်းစားနေပါတယ်။ 

Share

Loading Next Article...
က္က