ဖုန်းတောင်ဆက်ပြီး ပြောပေးတဲ့အထိပါပဲ။

မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဆက်လက်ကစားဖို့အတွက် ရော်နယ်ဒိုဟာ အသင်းဖော်ဟောင်းနာနီရဲ့ တိုက်တွန်းမှုကို ရရှိခဲ့ပါတယ်။ ဒီနွေရာသီမှာ အသင်းကထွက်ခွာမယ်လို့ ပြောဆိုခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ထိုင်း၊ ဩစတြေးလျတို့ကို ထွက်ခွာခဲ့တဲ့ ယူနိုက်တက်ရာသီကြိုခရီးစဉ်တွေကို မိသားစုအရေးအကြောင်းပြကာ ပျက်ကွက်ခဲ့ပြီးဖြစ်ပါတယ်။ 

ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းအသင်းတွေက ရော်နယ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေကြသလို ယူနိုက်တက်ကလည်း သူတို့ကစားသမားက ရောင်းချဖို့မဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ရော်နယ်ဒိုရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ နာနီကတော့ သူ့ရဲ့ ယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းဖော်ဟောင်းဟာ နောက်တရာသီလောက် အိုးထရက်ဖို့ဒ်မှာ ဆက်နေသင့်တယ်လို့ ယုံကြည်နေပါတယ်။ 

"သူ ဆက်ရှိနေဖို့ ကျနော်မျှော်လင့်တယ်၊ သူက အရေးကြီးတဲ့ကစားသမားတဦးဖြစ်ပြီး မတူကွဲပြားတာတွေကို အမြဲတမ်းလုပ်ပြနိုင်တဲ့သူပါ၊ သူ အသင်းကို ကူညီဖို့အတွက် ကောင်းမွန်တဲ့ခံစားချက်မျိုးရှိမယ်လို့ ထင်တယ်၊ သူနဲ့ စကားပြောဖို့ ကျနော်ကြိုးစားခဲ့ပေမယ့် သူ ခရီးထွက်နေခဲ့ပြီးတော့ ဖုန်းမကိုင်ခဲ့ဘူး၊ သူပြောတာကတော့ အခု အလုပ်များနေလို့၊ သိပ်မကြာခင်မှ စကားပြောကြတာပေါ့တဲ့" လို့ နာနီက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

နာနီကတော့ မဲလ်ဘုန်းဗစ်ထရီကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး အသင်းဟောင်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မိနစ်အနည်းငယ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ "ကျနော့်အတွက်တော့ အရမ်းကို ခံစားရတဲ့ အခိုက်အတန့်ပါ၊ ယူနိုက်တက်လည်း သူတို့ပိုင်တဲ့နေရာကို ပြန်ရောက်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်" လို့ အင်္ဂလန်ကလပ်နဲ့ ဆုဖလား ၁၂ လုံးဆွတ်ခူးခဲ့တဲ့ နာနီက ပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က